သီတင်းကျွတ်လပြည့်နေ့မှာ မုံရွာမြို့ရှိ ရွှေစည်းဂုံဘုရားကို ဘုရားဖူးတွေ အများအပြား လာရောက်ခဲ့တယ်လို့ မြို့ခံ တွေက ပြောပါတယ်။
ကိုဗစ်နဲ့ စစ်အာဏာသိမ်းတာတွေကြောင့် အခါကြီးရက်ကြီးတွေမှာတောင် ဘုရားဖူးလာရောက်တာ နည်းသွားခဲ့ပြီး အခုနှစ်မှသာ မုံရွာမြို့ခံတွေသာမက နီးစပ်ရာကျေးရွာတွေကပါ မြို့ပေါ်ကိုတက်ပြီး ဘုရားဖူးလာရောက်ခဲ့ကြဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့ခံ CDMကျောင်းသူတစ်ယောက်က "အရင်နှစ်တွေက ဒီလိုလူစည်ဖို့မပြောနဲ့ ဘယ်သူမှ ထွက်ရဲကြဘူး။ အခုဒီနှစ်က တိုးလို့တောင်မပေါက်ဘူး။ ဆိုင်ကယ်တွေအပ်ရတဲ့နေရာတွေမှာတောင် နေရာပြည့်သွားလို့ လွတ်တဲ့ အချိန်ထိ စောင့်ပြီး အပ်ခဲ့ရတာ"လို့ ပြောပါတယ်။
မုံရွာမြို့ရှိ ရွှေစည်းဂုံဘုရားသာမက ဆုတောင်းပြည့်ဘုရားမှာလည်း ဘုရားဖူးတွေ အဆက်မပြတ် ကြိတ်ကြိတ်တိုးခဲ့တယ်လို့ သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ရွှေဘုံသာဘုရားကြီးမှာလည်း အောက်တိုဘာ ၂၉ ရက် သီတင်းကျွတ် လပြည့်နေ့က ဘုရားဆီမီးထွန်းပူဇော်သူတွေ အများအပြားလာရောက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အလယ်ချောင်းကျေးရွာမှာတော့ သတင်းကျွတ်လပြည့်နေ့က ဒေသခံပြည်သူ ၁၀၀၀၀ နီးပါးလောက် စုပေါင်းပြီး မီးပုံးပျံ ၁၀၀၀ လွှတ်တင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
သီတင်းကျွတ်လပြည့်နေ့မှာ ရခိုင်ပြည်နယ်အနှံ့က ကျေးလက်ဒေသတွေနဲ့ မြို့ပေါ်တွေမှာ သတင်းကျွတ် မီးထွန်းပွဲတော်နဲ့ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတွေကို ကျင်းပခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် ဥပုသ်သီလ ဆောက်တည်တာတွေ၊ မိဘ ဆရာသမားတွေနဲ့ သက်ကြီးရွယ်အိုတွေကို ကန်တော့တာတွေ၊ ဆီမီးပူဇော်တာတာတွေ၊ မီးပုံးပျံပူဇော်တာတွေ နှစ်စဥ်ကျင်းပပြုလုပ်လေ့ရှိပါတယ်။