ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် အဝေးပြေးလမ်းပေါ် ကျောက်မဲဘက်ခြမ်း ဇီးပင်ကြီးနားက ဂုတ်တွင်းလမ်းကို အောက်တိုဘာ ၂၉ ရက် မနက် ၁၁ နာရီကစပြီး ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသား တဦးက "နောင်ချိုကနေ အတက် ကျောက်မဲဖက် ဇီးပင်ကြီးနား ဂုတ်တွင်း ပိတ်ထားတယ်။ ပလောင်က ပိတ်ထားတာ။ မနက်က ကြောက်ကြမ်း အဲဒီမှာလည်း တိုက်ပွဲဖြစ်တယ်" လို့ ပြောပါတယ်။
ကျောက်မဲ ဘက်ခြမ်းမှာတော့ တိုက်ပွဲ ဖြစ်သံတော့ မကြားရဘူးလို့ ကျောက်မဲ ဒေသခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
နောင်ချို ၁၁၄ စစ်တပ်နဲ့ ကျောက်ကြမ်းရွာ ဘက်မှာတော့ မနက်အစောကတည်းက တိုက်ပွဲ ပြင်းထန်နေကြောင်း ရေဝင် ဒေသခံ ၁ ဦးက ပြောပါတယ်။
"အသားကုန် ချနေကြတယ်။ ဟို ကြောက်ကြမ်း နောင်ချို ၁၁၄ ဘက်လေ။ မနက်ကတည်းက။"
တိုက်ပွဲ အတွင်း နှစ်ဖက် အထိအခိုက် အကျအဆုံးတွေ များတယ်လို့ ပြောပေမဲ့ အရေအတွက် အတိအကျမသိရဘူးလို့ ဆိုပါတယ်။
"ဒီမှာ အယောက် ၂၀ ကျော် သေတယ် ကြားတယ်။ ဒီမနက်ထိတော့ အဲဒီလို ကြားတယ်။ ဝောာဘက်က လူတွေလည်း ထိတာ များတယ်။ ဒီဘက် နောင်ချိုလမ်း၊ သုံးဆယ်လမ်း အဲဒီဘက် တောဘက်ကအဖွဲ့ ၄ ဖွဲ့လောက် ပေါင်းပြီး အဲဒီ ဘက်ကဟာတွေ အကုန်သိမ်းကုန်ပြီ။"
မန္တလေးကနေ တက်လာရင် တိုက်ပွဲဖြစ်ပွားတဲ့ ကျောက်ကြမ်းရွာ မရောက်ခင် ရေဝင်ရွာက ဘုန်းကြီးကျောင်းမှာ နောင်ချို၊ ကျောက်ကြမ်းဘက်က စစ်ရှောင်တွေ ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်ပိုင်းက စစ်ကြောင်းထိုး တက်လာတဲ့ စစ်သားတွေ အဲဒီရွာထဲ ဘုရားကျောင်းမှာ စခန်းချ နေထိုင်နေတာကြောင့် ဒေသခံတွေက ရွာထဲ တိုက်ပွဲ ဖြစ်လာမှကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။