အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို့မှာ ကျင်းပခဲ့တဲ့ ၁၄၇ ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များ ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေကို ထည့်သွင်းဆုံးဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အာဖရိကနိုင်ငံတခုဖြစ်တဲ့ အန်ဂိုလာမှာ အောက်တိုဘာ ၂၃ ရက်ကနေ ၂၇ ရက်အထိ ညီလာခံကို ကျင်းပခဲ့တာဖြစ်ပြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)က ထုတ်ပြန်လာတာပါ။
ညီလာခံမှာ ဒေါက်တာဝင်းမြတ်အေး အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ၊ CRPH အပါအဝင် ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ခုခံကာကွယ်နေတာတွေ၊ ဒီမိုကရေစီရရှိရေး တခုတည်းသာမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် နိုင်ရေး ကြိုးပမ်းနေတာတွေကို မိန့်ခွန်းမျာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပြီးတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို သက်ဆိုင်ရာ လွှတ်တော်တွေမှာ ထုတ်ဖော်ပြောကြားပေးဖို့၊ အကြမ်းဖက်မှုတွေအဆုံးသတ်နိုင်ရေး အာဏာသိမ်း စစ်ကောင်စီကို ပိုပြီးဖိအားပေးဖို့အတွက် သက်ဆိုင်ရာ အစိုးရတွေကို တိုက်တွန်းပေးဖို့နဲ့ ဒီမိုကရေစီ အင်အားစုတွေကို ငွေကြေးနဲ့ နည်းပညာအကူအညီတွေ ပေးအပ်ဖို့ကိုလည်း တောင်းဆို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ တောင်းဆိုချက်တွေပါတဲ့ စာရွက်စာတမ်းတွေကိုလည်း ကိုယ်စားလှယ်အဖွဲ့တွေဆီ ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၇ ရက်က ကျင်းပတဲ့ နိုင်ငံတကာပါလီမန်များညီလာခံရဲ့ အမှုဆောင်ကောင်စီအစည်းအဝေးက ကမ္ဘာတဝန်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို အတည်ပြုရာမှာလည်း မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေကို ထည့်သွင်းဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ညီလာခံအစည်းအဝေးတွေ၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့(IPU)ရဲ့ အမြဲတမ်းကော်မတီအစည်းအဝေးတွေနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ ပါဝင်ခဲ့ပြီး ညီလာခံကာလအတွင်း IPU ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ၊ ညီလာခံတက်ရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။