ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ဆင်မကြီးမိုမိုရဲ့ အသက် ၇၀ ပြည့် မွေးနေ့ကို အောက်တိုဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပနေတယ်လို့ တိရစ္ဆာန်ထိန်းသိမ်းရေး ဝန်ထမ်းတွေဆီက သိရပါတယ်။
မွေးနေ့ကိတ်ခွဲတာ၊ မိုမိုနဲ့အတူ အလှဓာတ်ပုံရိုက်ကူးတာ၊ တခြားဆင်တွေနဲ့ ပျော်ရွှင်စရာ ဂိမ်းကစားတာအပြင် ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ကျင်းပနေတာလို့ ဆိုပါတယ်။
တိရစ္ဆာန်ရုံဝန်ထမ်းတယောက်က “ရုံးပိတ်ရက်လည်းဖြစ်တယ်။ သီတင်းကျွတ် လပြည့်နေ့လည်းဖြစ်တော့ ပိုစည်တာပေါ့။ ဆင်မကြီးက ဒီဥယျာဉ်ကို အစောဆုံး ရောက်တဲ့ အထဲမှာလည်းပါတော့ လူကြီး လူငယ် ကလေး အကုန်ချစ်ကြတယ်။ မိုမိုအတွက် ပွဲတွေလည်း စီစဉ်ပေးထားတယ်” လို့ ပြောပါတယ်။
ဆင်မကြီးမိုမိုကို အသက် ၇ နှစ်အရွယ် ၁၉၆၁ ခုနှစ်က လွိုင်ကော်ဒေသက တောနက်ကြီးထဲမှာ သစ်ခုတ်သမား ဦးခွန်ဆန္ဒက ဖမ်းယူခဲ့ပြီး ဇွန် ၆ ရက်နေ့မှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဆီကို ပို့ဆောင်လှူဒါန်းခဲ့တာလို့ သိရပါတယ်
ဆင်မကြီးမိုမို မွေးနေ့ပွဲကို နှစ်စဉ် အောက်တိုဘာလမှာ ကျင်းပပေးခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ အသက်အရွယ်ကြီးရင့်လာတဲ့အတွက် လာရောက်လည်ပတ်ကြသူတွေကို ကပြဖျော်ဖြေတာရပ်နားထားခဲ့ပြီး ဒီနေ့အချိန်ထိ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရပါတယ်။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ခရိုနီတယောက်ဖြစ်တဲ့ ဦးတေဇရဲ့ ထူးကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားပြီး မွေးမြူပြသထားတဲ့ တိရစ္ဆာန်တွေကို သေချာဂရုမစိုက်၊ အစာမကျွေးတာကြောင့် ပိန်လှီနေကြတယ်လို့ ဝေဖန်နေကြပါတယ်။
Photo Cj