ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့က စစ်ရှောင်တွေဟာ တော်လှန်ရေးကာလ အချိန်ကြာမြင့် လာတာနဲ့အမျှ လှူဒါန်းတဲ့ အလှူရှင်တွေ နည်းလာလို့ စားနပ်ရိက္ခာ ပြတ်လပ်တာတွေ မကြာခဏ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်ကူညီသူတွေဆီက သိရပါတယ်။
အရင်က စစ်ရှောင်တွေကို စားနပ်ရိက္ခာပေးရာမှာ ဆန်ကို အိတ်နဲ့ပေးနိုင်ပေမဲ့ အခုတော့ တမိသားစုကို ဆန် ၄ ပြည်လောက်ပဲ ပေးနိုင်တော့တယ်လို့ ဆိုပါတယ်။
ကယန်း အမျိုးသမီးအစည်းရုံးအဖွဲ့ဝင်တယောက်က “အလှူရှင်တွေကတော့ ဝင်တယ်။ အားနည်းလာတာ။ အရင်ကလို အိတ်နဲ့မပေးနိုင်ဘဲ ၄ ပြည်လောက်နဲ့ မိသားစုတခု အကြာကြီး မခံဘူး။ စိုက်ခင်းလေးတွေ မိမိတို့ တဲဘေး နေရာလွတ်မှာ စိုက်ခင်းစိုက် ဖြေရှင်းတယ်။ တချို့နေရာတွေက စိုက်ဖို့ နေရာမရှိဘူး။ အလှူရှင်ဝင်တဲ့ အခါမျိုးမှ စားရတယ်” လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ရှောင်တွေအချင်းချင်းလည်း အပြန်အလှန် ရိုင်းပင်းကူညီကြပြီး အရမ်းခက်ခဲတဲ့ အိမ်တွေကို တခြားသူတွေက ဝေစုကို မျှဝေပေးတယ်လို့ သိရပါတယ်။
အတူတူနေတဲ့ စစ်ရှောင်အချင်းချင်းရဲ့ အဝတ်ထည်ကိုလျှော်ပေးရင်း ဝင်ငွေ ရှာကြတာမျိုးလည်းရှိပြီး အဆင်ပြေတဲ့စစ်ရှောင်မိသားစုက ဝိုင်းကူလျှော်ပေးတဲ့ စစ်ရှောင်ကို တတ်နိုင်သလောက်ပြန်ကူညီတယ်လို့လည်း သိရပါတယ်။
စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးတွေကိုလည်း လမ်းခရီးအခက်အခဲကြောင့် သွားရလာရ မလွယ်ကူဘဲ ချိတ်ဆက်ဆောင်ရွက်တဲ့အခါမှာလည်း အင်တာနက်လိုင်း၊ ဖုန်းလိုင်း မရတာတွေလည်း ကြုံတွေ့နေရပါတယ်။
ကရင်နီပြည်မှာ စစ်ရှောင် ၂၅၀,၀၀၀ လောက်ရှိပြီး တာလဘတ်တွေနဲ့ မိုးကာ ထားရတဲ့သူတွေဟာ နွေရာသီမှာ အပူဒဏ်ခံရပြီး မိုးရာသီနဲ့ ဆောင်းရာသီမှာလည်း မိုးနဲ့ နှင်းမလုံတာမျိုး ဒုက္ခတွေ ခံနေကြရပါတယ်။