မန္တလေး၊ အမပူရမြို့နယ်မှာရှိတဲ့ ဦးပိန်တံတား ဒီနေ့ ကျိုးကျပြီး လူ ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ တံတားအရှေ့ဘက်ခြမ်းက တိုင်အမှတ် ၃၃၉၊ ၃၄၀၊ ၃၄၁ တို့ကျိုးကျခဲ့တာဖြစ်ပြီး ရေထဲပြုတ်ကျသူတွေကို ငှက်လှေသမားတွေက ကယ်ဆယ်ခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေကိုတော့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ရဲ့ အရေးပေါ် ဆေးအဖွဲ့က ကုသပေးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ ပိတ်ရက်မှာ လာရောက်လည်ပတ်သူများပြားခဲ့တာကြောင့် အခုလိုကျိုးကျတာဖြစ်ပြီး လူ ၂၀ ကျော်ဒဏ်ရာရတယ်လို့ သိရပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
တံတားကျိုးကျမှုကြောင့် လူတချို့ရေထဲပြုတ်ကျသွားပေမယ့် ရေကျနေတဲ့အချိန်ဖြစ်လို့ အခြစ်ရာ၊ အပေါက်အပြဲစတဲ့ဒဏ်ရာကလွဲလို့ လူသေဆုံးမှုမရှိဘူးလို့ သိရပါတယ်။
မျက်မြင်တွေ့တဲ့ အမျိူသမီးတယောက်က “လူတွေက အရမ်းများနေတော့ တိုးရင်းတိုးရင်း တံတားကလှုပ်လာပြီး ကျိုးကျသွားတာ။ သွားတဲ့သူတွေနဲ့ ပြန်လာတဲ့သူတွေ အချင်းချင်းတိုက်ပြီး ရေထဲပြုတ်ကျမှာတောင် ကြောက်ရသေးတယ်” လို့ ပြောပါတယ်။
အလယ်ကနေ ကျိုးကျတဲ့အတွက် သွားနေတဲ့သူတွေကတော့ ပြန်လှည့်နိုင်ပြီး ပြန်လာမယ့်သူတွေကတော့ တံတားပေါ်ပိတ်မိနေတာကြောင့် တံတားအောက်ကနေ လှေနဲ့ တဖက်ကမ်းကို ပြန်လာဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
ဦးပိန်တံတားဟာ ရှေးဟောင်းအမွေနှစ်တခုဖြစ်တဲ့အတွက်ကြောင့် ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ အချိန်ယူရဦးမယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ -မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ လူမှုကွန်ရက်