Home
မြန်မာသတင်း
ကလိန်အောင်-ကော့လှိုင် တံတားကျိုးကျပြီး  ကားများပိတ်နေ 
DVB
·
August 22, 2023
368340049_3710094899221307_7207045135096940842_n

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းပေါ်ရှိ  ကလိန်အောင်-ကော့လှိုင် တံတားဟာ မိုးရေလျှံမှုကြောင့် ရေတိုက်စားပြီး ကျိုးကျသွားတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ကားတွေပိတ်သွားတယ်လို့ ဒေသခံထံကသိရပါတယ်။ 

မလွှဲတောင်လမ်းပိုင်း ကလိန်အောင်မြို့၊ ကော့လှိုင်ရွာအဝင်  မိုင်တိုင်အမှတ်  ၅၁ နားက  အရှည် ၁၅ ပေ ၊ အကျယ် ၁၈ ပေအရွယ်ရှိ သံကူကွန်ကရစ်တံတားဟာ ဩဂုတ် ၂၁ ရက် ညနေ ၆ နာရီမှာ ပြိုကျသွားခဲ့တာဖြစ်ပါတယ်။

ကလိန်အောင်မြို့ခံ တဦးက "ကားတွေ ဖြတ်နေတုန်းပြိုကျတာတော့မဟုတ်ဘူး။ ကားတွေဖြတ်ပြီးမှ မြေသားအိကျပြီး ပြိုသွားတာ။ သူကရေလွှဲတံတားပုံစံဆိုတော့ အောက်မှာ ရေလွှဲပိုက်လုံးနဲ့ မြေသားနဲ့ ခံပြီး လုပ်ထားတာ။ လောလောဆယ်ကတော့ ကားတွေပိတ်မိနေတာပေါ့။ မနက်ဖြန်ဆိုရင်ပိတ်မိတဲ့ ကားတွေပိုများလာမယ်”လို့ ပြောပါတယ်။

ဒီတံတားဟာ ပြီးခဲ့သည့်ရက်ပိုင်းက မြေသားနိမ့်နေတဲ့အတွက် ဆောက်လုပ်ရေးဌာနက ယာယီ လာရောက် ပြင်ဆင်ထားပြီး ရက်ပိုင်းအကြာမှ အခုလိုကျိူးကျသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုင်းပြန်ကြားရေးဌာနကတော့ တံတားဟာ မိုးရေလျှံမှုကြောင့် ရေတိုက်စားပြီး ပြိုကျ သွားတာဖြစ်ပြီး ပြန်လည်သွားလာလို့ရအောင် ​အမြန်ဆုံးပြုပြင်သွားမယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။

အဆိုပါတံတားဟာ တနင်္သာရီတိုင်း ကုန်းလမ်းဝင်ပေါက် အမှတ် ၈ ပြည်ထောင်စု ကားလမ်းမပေါ်မှာတည်ရှိပြီး တခြားလမ်းလွှဲမရှိတာကြောင်း အမြန်ပြန်လည် မပြုပြင်နိုင်ပါက ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုနဲ့ ခရီးသွားလာရေး ပြတ်တောက်မှုနဲ့ ကြုံတွေ့နိုင်ပါတယ်။

ဇူလိုင်လနောက်ဆုံးအပတ်နဲ့ ဩဂုတ်လဆန်းပိုင်းကလည်း တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လေးမြို့နယ်စလုံး ရေကြီးရေလျှံမှုဖြစ်ပြီး မေတ္တာမြို့နယ်တွင် တံတားတစ်စင်း ကျိုးကျခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024