စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ အောက်တိုဘာ ၂၈ ရက်နေ့က ဒေသခံလင်မယား ၂ ယောက်ဟာ PDF ကို ထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက် ဖမ်းဆီးတာခံရသလို မွန်ပြည်နယ်၊ ပေါင်မြို့ဝင်ကြေး ကောက်ခံတဲ့ဂိတ်မှာလည်း အမျိုးသား ၁ ယောက်ကို ပစ္စတိုသေနတ်နဲ့ ဖမ်းဆီးမိခဲ့ပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၈ နာရီ လောက်က ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားတယောက်ကို ပစ္စတို ၁ လက်နဲ့ ကျည်ဆံတွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အဲဒီဂိတ်မှာ စစ်ကောင်စီဘက်က စစ်ဆေးနေတုန်း မော်လမြိုင်ဘက်ကနေ သထုံဘက်ကို ဆိုင်ကယ်နဲ့လာတဲ့ အသက် ၂၁ နှစ်အရွယ် ကိုထွန်းနိုင်ဆိုသူကို ရပ်တန့်စစ်ဆေးရာမှာ သူ့ရဲ့ ခါးကြားက အမေရိကန်နိုင်ငံထုတ် ၉ မမ ပစ္စတို ၁ လက်၊ ဆိုင်ကယ်ဘောက်ထဲကနေ ကျည်အိမ် ၂ ခုနဲ့ ကျည် ၂၉ တောင့်တို့ကို တွေ့ရှိဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာတော့ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းက ဇေယျာချောင် ၅ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် လင်မယား ၂ ယောက်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ သေနတ်တွေ ပစ်ဖောက်ပြီး ဝင်ရောက် ဖမ်းဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “နေ့လယ် ၂ နာရီလေါက်က စစ်တပ်နဲ့ ရဲတွေ အင်အား ၂၀ ကျော်လောက် သေနတ်တွေပစ်ခတ်ပြီး ဝင်ဖမ်းတာ။ သူတို့ လင်မယားနှစ်ယောက် က PDF ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတာ။ သေနတ်တွေ ပစ်ခတ်ဖမ်းတာဆိုတော့ လူတွေလည်း အတော်လေး ထိတ်ထိတ်ပြာပြာ ဖြစ်သွားတယ်။ လင်မယား နှစ်ယောက်ကို ဘယ်ဖမ်းသွားတာလဲတော့ မသိရဘူး” လို့ ပြောပါတယ်။
ကသာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ မကြာခဏ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်ကလည်း အရပ်သာေပြည်သူတွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနေသလို ပြီးခဲ့တဲ့ သြဂုတ်လကလည်း ဆိုင်ကယ်လိုင်စင် စစ်ဆေးပြီး ဆိုင်ကယ် အစီး ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါသေးတယ်။
ကသာမြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်စွဲနဲ့ ည ၁၀ နာရီကနေ မနက် ၄ နာရီ အထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။