ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရမ်းစီးကျေးရွာမှာ အုပ်ချုပ်ရေး ယန္တရား ပျက်ပြားအောင်လုပ်တဲ့ ရွာသားတချို့ကို သွားရောက်ဖမ်းဆီးစဉ် CDF-ဇိုတုန်တပ်ဖွဲ့ဝင်တွေကို ရမ်းစီးကျေးရွာ ဒေသခံတွေက ပြန်လည်ခုခံတာကြောင့် ရိုက်နှက်ဖမ်းဆီးခဲ့ရတယ်လို့ CDF-ဇိုတုန်က ပြောပါတယ်။
CDF-ဇိုတုန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရမ်းစီးကျေးရွာဒေသခံ ရဲဘော်တယောက်က ငွေကျပ် သိန်း ၂၀၀၀ လောက်လိမ်လည်သွားပြီး စာရင်းမရှင်းဘဲ ထွက်ပြေးတိမ်းရှောင်ကာ နည်းမျိုးစုံနဲ့ သွေးထိုးတာကနေ ဒီပြဿနာစတင်ခဲ့ရတာလို့ ဆိုပါတယ်။
ဇိုတုန်ဖက်ဒရယ်ကောင်စီ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ပေးချက်အရ ရမ်းစီးကျေးရွာက ဒေသခံတွေကို အောက်တိုဘာလ ၂၅ ရက် ညပိုင်းမှာ စစ်ဆေးမေးမြန်းစရာရှိလို့ သွားရောက်ခေါ်ယူတဲ့ အချိန်မှာ ပြန်လည်ခုခံပြီး ၊ သေနတ်လုဖို့ ကြိုးစားတာကြောင့် ရိုက်နှက် ဖမ်းဆီးခဲ့ရတာလို့ CDF-ဇိုတုန်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဒန်နီက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ဇိုတုန်နယ်မြေမှာ ကျေးရွာပေါင်း ၅၄ ရွာကို အုပ်ချုပ်ရေး၊ ပညာရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး အားလုံးလည်ပတ်အောင်လုပ်နေတဲ့ အချိန်မှာ ရမ်းစီးရွာမှာ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့အထဲက အရင်ကဖမ်းထားတဲ့ ကိစ္စကို မကျေနပ်လို့ ကျနော်တို့ အုပ်ချုပ်ရေး ယန္တရားကို အမျိုးမျိုး ပျက်စီးအောင်လုပ်တာကြောင့် အဲဒီရွာက အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ တိုင်ကြားချက်အရ သွားရောက်ဖမ်းဆီးခဲ့တာ။ ဖမ်းတဲ့အချိန်မှာ ကျနော်တို့ရဲ့ ရဲဘော်တွေကို တုတ်နဲ့ဓားနဲ့ လိုက်ရိုက်ကြတယ်။ ပြီးတော့ သေနတ်လုကြတယ်။ ကျနော်တို့ ရဲဘော်တွေကလည်း ၃ ယောက်လောက်နဲ့ သွားတာဖြစ်ပြီး သေနတ်ကိုကာကွယ်ရင်း ခုခံရင်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတာ ကျနော်တို့ CDFက လုပ်လိုက်တော့ သူတို့ဘက်က ဒဏ်ရာရရှိခဲ့သလို ကျနော်တို့ ရဲဘော်တွေလည်း ဒဏ်ရာရရှိခဲ့တယ်”လို့ ပြောပါတယ်။
ရမ်းစီးကျေးရွာကနေ ဒေသခံပြည်သူ ၆ ယောက်ကို ဖမ်းဆီးခဲ့တဲ့အနက် ကျောင်းသား လူငယ် ၂ ယောက်ကိုတော့ မနေ့က အောက်တိုဘာလ ၂၈ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့ ၄ ယောက်ကိုတော့ ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေကိုတော့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေပြီး တရားစီရင်ရေးကိစ္စတွေ လုပ်ဆောင်ပြီးလို့ အပြစ်မရှိရင် ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။
ကျောင်းသားလူငယ် ၂ ယောက်ကတော့ မနေ့က အောက်တိုဘာလ ၂၈ ရက်မှာ ပြန်လည်လွတ်မြောက်လာပြီး ဘာသာရေးဆရာတယောက်အပါအဝင် နောက်တယောက် ထပ်မံဖမ်းဆီးကာ စုစုပေါင်း ၅ ယောက်ကိုဖမ်းဆီးထားပြီး ယနေ့အချိန်ထိ ပြန်မလွတ်သေးဘူးလို့ ရမ်းစီးကျေးရွာ ရပ်မိရပ်ဖတယောက်က ပြောပါတယ်။
CDF-ဇိုတုန်က ရဲဘော်တွေဟာ အရက်မူးပြီး ရွာသူ အမျိုးသမီးတယောက်ကို သေနတ်နဲ့ နဖူးတည့်တည့်ကို ချိန်ကာ ပစ်ဖို့လုပ်တာကြောင့် ဘေးကလူတွေက လက်နက်ကို လုရတာဖြစ်ပြီး အဲဒီလက်နက်ကိုလည်း သူတို့ဆီကို ပြန်ပေးခဲ့တယ်လို့ ရပ်မိရပ်ဖက ဆိုပါတယ်။
ရိုက်နှက်နှိပ်စက်ခံရတဲ့ အမျိုးသမီး ၂ ယောက်ဆိုရင် အပြင်းထန်ဒဏ်ရာရရှိပြီး လက်ရှိ မကွေးတိုင်း ဂန့်ဂေါဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ပြောပါတယ်။
အခုသူတို့ရဲ့လုပ်ရပ်က ပြည်သူ့ကာကွယ်ရေးမဟုတ်ဘဲ ပြည်သူကိုနှိပ်စက် အကြမ်းဖက်မှုဖြစ်တယ်လို့လည်း ရမ်းစီးရွာသားက ပြောပါတယ်။