တောင်ငူအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ အောက်တိုဘာ ၂၈ ရက်နေ့က သူ့ရဲ့ မိသားစုဝင်တယောက်နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သမ္မတဦးဝင်းမြင့်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့က တောင်ငူအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မိသားစုနဲ့ တွေ့ခွင့်မပေးဘဲ အခု ၁၀ လ အကြာမှာ ပထမဆုံးအကြိမ် တွေ့ခွင့်ရတာ ဖြစ်ပါတယ်။
တောင်ငူအကျဉ်းထောင်နဲ့ နီးစပ်သူ တယောက်က “စနေနေ့ က တွေ့ရတာ။ သူတို့ ရှေ့မှာ တွေ့ရတယ် ကြားတယ်။ တွေ့ဆုံချိန်မှာ အကုန်မှတ်တမ်းယူထားတာတွေလုပ်မှာ။ မတရားမှုတွေ၊ ထောင်လည်းချထားပြီး မိသားစုနဲ့ သီးသန့် တွေ့ဆုံရတာမဟုတ်ဘူး” လို့ သိရှိရပါတယ်။
အန်အယ်လ်ဒီပါတီဝင်တယောက်ကလည်း သမ္မတဦးဝင်းမြင့်ဟာ မနေ့က မိသားစုဝင်နဲ့ တွေ့ခွင့်ရပြီး ကျန်းမာရေးကောင်းတယ်လို့ သိရကြောင်း ဒီဗွီဘီကို ပြောပါတယ်။
အကျဉ်းထောင်တွေမှာ ထောင်ဝင်စာတွေ့ဆုံခွင့်ပိတ်ထားတာကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ပြန်လည်ခွင့်ပြုခဲ့တယ်လို့ အကျဉ်းဦးစီးဌာနဆီက သိရပြီး ထောင်ဝင်စာ တွေ့ဆုံရာမှာ အကျဉ်းကျခံနေသူရဲ့ အိမ်ထောင်စုစာရင်းတူ မိသားစုဝင်တယောက်က မိနစ် ၂၀ တွေ့ခွင့်ရမယ်လို့လည်း သိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ သမ္မတ ဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်ဖို့ စစ်တပ်ကပြောဆိုတာကို လက်မခံတာကြောင့် ပုဒ်မ ၈ ခုနဲ့ တရားစွဲ ထောင်ချထားတာဖြစ်ပါတယ်။