ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးပါတီအစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးရဲထွဋ်ကို အောက်တိုဘာလ ၂၈ ရက် ညပိုင်းက ရန်ကုန်၊ အလုံမြို့နယ် စောရန်ပိုင်အရှေ့ရပ်ကွက်က နေအိမ်မှာ စစ်ကောင်စီတပ်တွေက လာ ရောက်ဖမ်းဆီးသွားတယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စစ်တပ်ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာအပြင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေကို အားပေးထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်း ဆီးခဲ့တာဖြစ်တယ်လို့ တိုင်းအစိုးရနဲ့နီးစပ်သူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"သတင်းက မှန်ပါတယ် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ဖို့ စစ်ဆေးနေတယ်။ ဘယ်မှာဖမ်းချုပ်ထားလဲဆိုတာတော့ မသိဘူး။”
လသာမြို့နယ် အမှတ် ၂ ရပ်ကွက် အနော်ရထာလမ်းနဲ့ ၁၇ လမ်းထောင့်ရှိ ဖက်တီးမ ထမင်းကြော်ဆိုင် ပစ်ခတ်မှု ဖြစ်စဥ်မှာ အရာရှိတဦးကို လက်ထောက်ချခဲ့တဲ့ အတွက် ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့ အငြိမ်းစားအရာရှိတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ဦးညဏ်လွင်အောင်ပစ်ခတ်မှုမှာ ဗိုလ်မှူး ဇော်မိုးဦး (ငြိမ်း)ရဲ့ ဖုန်းနံပါတ်တွေ၊ အိမ်လိပ်စာတွေပေးလို့ အတိုင်ခံရဖြစ်မယ် ။ လော်ဘီတွေကလည်း တောက်လျှောက်ပြောနေ တာ ဖမ်းဖို့ PDF နဲ့ ဆက်နွှယ်တယ်ဆိုပြီး။”
ဦးရဲထွဋ်ကို အလုံမြို့မရဲစခန်းက (ပ ) ၂၁၆/၂၀၂၃ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ကာ ဖမ်းဆီးပြီး ရမန်ယူကာ အင်းစိန်ထောင်ပို့လိုက်ပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"မနေ့ကပဲ ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ ပုဒ်မ ၅၀၅ (က)နဲ့ပါ"လို့ ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေ ဆိုခြင်းမရှိခဲ့ပါဘူး။
ဦးရဲထွဋ်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်း အရာရှိတဦး ဖြစ်ပြီး ၁၉၇၇ ခုနှစ်အထိ စစ်တပ်မှာ ဒုတိယဗိုလ်မှုးကြီးအဆင့်ထိနဲ့ အငြိမ်းစားယူခဲ့ပါကာ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ ၂၀၀၉ ခုနှစ်မှာ ညွှန်ကြားရေးမှူးချုပ်အဖြစ်ရာထူး တိုးမြှင့်ခံခဲပါတယ်။
၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်လာပြီး ၂၀၁၄ ခုနှစ်မှာ ပြည်ထောင်စု ဝန်ကြီးဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်ကလည်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ မှန်ကန်ခြင်းမရှိကြောင်း တပ်က ပြန်လည်ငြင်းဆိုခဲ့ပါ သေးတယ်။