မြန်မာပြည်တွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် ကူညီထောက်ပံ့ဖို့ ရန်ပုံငွေရှာတဲ့ ဂီတဖျော်ဖြေပွဲတခုကို အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမှာ ဒေသစံတော်ချိန် အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့ပါတယ်။
နေ့လယ် ၁ နာရီကနေ ည ၇ နာရီထိ ကျင်းပခဲ့တဲ့ ဒီဖျော်ဖြေပွဲမှာ တေးသံရှင်တွေဖြစ်ကြတဲ့ ACID တေးဂီတအဖွဲ့က အဆိုတော် ရန်ရန်ချမ်း၊ လင်းနစ်၊ နင်ဇီမေ၊ ဒီဂျေဝိုင်းနဲ့ ကျော်သီဟတို့က ဖျော်ဖြေသီဆိုခဲ့ကြပါတယ်။
အတ္တလန်တာအခြေစိုက် Zero Production တေးဂီတအဖွဲ့က တီးခတ်ဖျော်ဖြေခဲ့တဲ့ ဒီပွဲမှာ ဂျော်ဂျီယာပြည်နယ် ဖလော်ရီဒါနဲ့ မြောက်ကာရိုလိုင်းနားရောက် မြန်မာပြည်ဖွား တိုင်းရင်းသား ပြည်သူတွေက စစ်ဘေးရှောင်တွေအတွက် ဝိုင်းဝန်း ထည့်ဝင် လှူဒါန်းခဲ့ကြပါတယ်။
ဒီဂီတပွဲကနေရလာတဲ့ အလှူငွေတွေအားလုံးကို ပြည်တွင်းက စစ်ဘေးရှောင်ဒေသတွေဆီကို ပေးပို့ လှူဒါန်းပေးအပ်မယ်လို့ ပွဲစီစဉ်သူထံက သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် ခုချိန်ထိ အရပ်သား ပြည်သူတွေရဲ့ နေအိမ်တွေ ၇၅၀၀၀ လောက် ဖျက်ဆီးခံခဲ့ရပြီး စစ်ဘေးရှောင် ပြည်သူ ၂ သန်းကျော်ထိရှိလာတဲ့အပြင် လူဉီးရေ ၁၅ သန်းလောက်ထိ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးအရာရှိက ကုလသမဂ္ဂမှာ အစီအရင်ခံ တင်ပြထားပါတယ်။