ပြည်ပရောက် မြန်မာတွေအနေနဲ့ တနှစ်ကို အမေရိကန်ဒေါ်လာ ငါးသောင်းလွှဲပို့မယ်ဆိုရင် လျှပ်စစ်သုံးကား/လျှပ်စစ်သုံးဆိုင်ကယ် တစီးတင်သွင်းခွင့်ပေးမယ်ဆိုပြီး စစ်ကောင်စီက ကြေညာပါတယ်။
အဲဒီဌာနရဲ့ အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်ချက်မှာ အမေရိကန်ဒေါ်လာ နှစ်သိန်းလွှဲပို့ရင် လွှဲပို့ငွေရဲ့ ငါးရာခိုင်နူန်း နဲ့ ညီမျှတဲ့ လျှပ်စစ်သုံးမော်တော်ယာဥ်/လျှပ်စစ်သုံး ဆိုင်ကယ် တနှစ်ကို တစီး တင်သွင်းနိုင်မယ်လို့ကြေညာခဲ့ပြီး အောက်တိုဘာ ၂၆ ရက်နေ့စွဲနဲ့ ကြေညာစာမှာတော့ မူလလွှဲပို့ရမယ့် ငွေဒေါ်လာ နှစ်သိန်းအစား ဒေါ်လာ ငါးသောင်းဆိုပြီး ပြောင်းလဲလိုက်တာလည်း ဖြစ်ပါတယ်။
ပြည်ပရောက် မြန်မာအလုပ်သမားတွေကတော့ စစ်ကောင်စီရဲ့ ဆွဲဆောင်မှုက အလုပ်မဖြစ်နိုင်သလို မက်လောက်စရာ အခြေအနေမဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။
တောင်ကိုရီးယားရောက် မြန်မာလုပ်သားတဦးက "တနှစ်ကို အမေရိကန်ဒေါ်လာ ငါးသောင်းလွှဲနိုင်မယ့် သူဆိုတာ ဘယ်လောက်ရှိနိုင်မှာမို့လို့လဲ။ ကားပါမစ်က ဘယ်လောက်ရမှာမို့လို့လဲ။ ဘဏ်ကလွှဲလို့ ဗဟိုဘဏ်စျေးနဲ့ရမယ့် ဒေါ်လာစျေးနဲ့သာ ယှဥ်ကြည့်ရင်လည်း ပြောပလောက်စရာစွဲဆောင်မှု ဖြစ်မနေဘူး" လို့ ပြောပါတယ်။
တနှစ်ကို အမေရိကန်ဒေါ်လာ ငါးသောင်းလွှဲပို့နိုင်သူဟာ ပြည်ပမှာ မြန်မာငွေနဲ့ လစာ၊ ဝင်ငွေ ကျပ်သိန်းရာချီ ရရှိသူဖြစ်ပြီး အရေတွက်အားဖြင့် အများကြီး ရှိမနေဘူးလို့လည်း ပြည်ပရောက်မြန်မာအသိုက်အဝန်းက ဆိုပါတယ်။
အဲဒီလောက် ဝင်ငွေရရှိနေသူအများစုကလည်း ပြည်ပမှာ အခြေချနေကြတာဖြစ်လို့ ကားပါမစ်တခုအတွက် စစ်ကောင်စီအလိုကျ ငွေလွှဲဖို့ဆိုတာ ဖြစ်နိုင်ချေနည်းတယ်လို့ စင်ကာပူရောက် မြန်မာအရေးလူပ်ရှားနေသူတဦးက သုံးသပ်ပါတယ်။
ပင်လယ်ကူးသင်္ဘောသားတဦးက "အခုက စစ်ကောင်စီကို ငွေမဝင်စေချင်လို့ကို တရားဝင်မလွှဲချင်ကြတာ၊ မက်လုံးဘယ်လောက်ပေးပေး ရသလောက်တော့ ရှောင်နေကြမှာပဲ" လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်ပရောက်အလုပ်သမားတွေကို လစဥ် လစာရဲ့ ၂၅ ရာခိုင်နှုန်းငွေလွှဲပို့ဖို့နဲ့ ဝင်ငွေအခွန် နှစ်ရာခိုင်နှုန်းပေးဆောင်ဖို့ အကျပ်ကိုင်မှုတွေ ဆက်တိုက်လုပ်နေသလို အခုလို ကားပါမစ်နဲ့ မက်လုံးပေးစည်းရုံးတာတွေပါ လုပ်လာတာဖြစ်ပါတယ်။