ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ စစ်ဆင်ရေး ၁၀၂၇ ကနေ ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်က စစ်စခန်းအားလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး လေထီးနဲ့လာချပေးတဲ့ စစ်အသုံးအဆောင်ပစ္စည်း၊ ရိက္ခာထုပ်တွေအားလုံးကိုလည်း သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်း ၁၀ ယောက်လည်း ဖမ်းမိထားတယ်လို့ ဒီနေ့ညနေမှာ ထုတ်ပြန်လာပါတယ်။
စစ်ဆင်ရေးကနေ ထုတ်ပြန်လာတာဖြစ်ပြီး မနေ့က ကျန်နေခဲ့တဲ့ ချင်းရွှေဟော်မြို့ဝန်းကျင်က စစ်ကောင်စီတပ်စခန်း ၄ ခုကို ဒီနေ့ အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းမှာ ထပ်ပြီး သိမ်းပိုက်နိုင်ခဲ့လို့ စခန်းအားလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
ပြီးတော့ စစ်ကောင်စီက လေယာဉ်နဲ့ လာချပေးတဲ့ စစ်အသုံးအဆောင်ပစ္စည်းနဲ့ ရိက္ခာထုပ် ၁၀ ထုပ်လုံးကိုလည်း တခုမကျန် သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးကို ကိုးကန့်၊ တအာင်းပလောင်နဲ့ ရခိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ မန္တလေး PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်(BPLA) တို့လည်း ပါဝင်နေတာဖြစ်ပြီး စစ်ကောင်စီနဲ့ ကိုးကန့်ပြည်သူ့စစ်တို့ရဲ့ တပ်စခန်း အကြီး အသေး ၃၀ ကျော်နဲ့ သုံ့ပန်း ၁၀ ယောက်ကို ဖမ်းဆီးမိထားတယ်လို့ ကိုးကန့်ဘက်ကလည်း သီးခြားထုတ်ပြန်ထားပါတယ်။
စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က တိုက်ပွဲတချို့အကြောင်းကိုလည်း အသေးစိတ်ထုတ်ပြန်လာခဲ့ပြီး စစ်ကောင်စီဘက်က ရာနဲ့ချီသေဆုံးခဲ့သလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဟိုပန်တာချန်ခုတ်၊ ချင်းရွှေဟော်နယ်စပ်ဂိတ်၊ မာလူအိုက်ဖိုင်၊ ပိုက်ထာ ပေါက်ပေါက်၊ နန်တောင်ဟော်တောင်ကုန်း၊ ကြာမိန်ခုတ်၊ မာဟွာချင်းရာခုတ်၊ နမ်ဖာရှမ်း၊ ကုတ်ထုတ် ပေါက်ပေါက်တောင်ကုန်း၊ ကြာကြည်ရှူ၊ မုံးကိုး ရှိကျိကျတောင်ကုန်း၊ ကွမ်ထန် ပေါက်ပေါက်တောင်ကုန်း၊ ကျင်ကော်တစ်ပေါက်ပေါက်တောင်ကုန်းနဲ့ ပိုင်ဖိန် ပေါက်ပေါက်တောင်ကုန်း၊ ရှိကျိကျတောင်ကုန်း၊ နမ်ကျွမ့်ဒေသ၊ ကျန်လန်ကန်ရွှေ၊ ကွတ်ခိုင်ခရိုင်၊ မူပန်ခရိုင် စတဲ့နေရာတွေနဲ့ စစ်စခန်းတွေကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ တအာင်းပလောင်တပ်ဖွဲ့ကလည်း လားရှိုးနဲ့ နမ့်ခမ်းတို့မှာ စစ်စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သီးခြားသတင်းထုတ်ပြန်ထားပြီး ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာတော့ နောင်ချိုမြို့နယ်၊ သံဘိုရွာက စစ်ကောင်စီစခန်းကို မန္တလေး PDF နဲ့ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့ကတော့ နောင်ချိုမြို့နယ်၊ သံဘိုရွာက နတ်စင်ကုန်း စစ်စခန်းကို သိမ်းပိုက်ပြီးခဲ့ပြီလို့လည်း ဆိုပါတယ်။