ပဲခူးတိုင်းထဲက ကေအဲန်ယူ-ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ၇ ကြိမ်တိုက်ခိုက်လို့ နေအိမ်ပျက်စီး၊ လူလည်းထိခိုက်ခဲ့သလို ညောင်လေးပင်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေ မိုင်းမတော်တဆဖြစ်ပြီး ထိခိုက် သေဆုံးတာတွေ ရှိနေပါတယ်။
လယ်ဒိုမြို့နယ်၊ ခေါလိုကလိုးကျေးရွာကို အောက်တိုဘာ ၂၅ ရက်နေ့က စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့ ပစ်ခတ် ဗုံးကြဲတာကြောင့် ဒေသခံအိမ် ၁ လုံးပေါ်ကို တည့်တည့်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU ဗဟိုပြန်ကြားရေးက ဆိုပါတယ်။
ညားနော်ပစော်ရဲ့ နေအိမ်တည့်တည့်ပေါ်ကို လေယာဉ်ဗုံး ကျရောက်ပေါက်ကွဲပြီး နေအိမ်နဲ့ အိမ်တွင်းက ပစ္စည်းတွေ၊ ကျေးရွာကျန်းမာရေးအတွက်ထားတဲ့ ဆေးဝါးတွေလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကွီးလားကျေးရွာကို စက်သေနတ်နဲ့ ၂ ကြိမ်ပစ်ခတ်ခဲ့လို့ ရွာခံ အသက် ၄၅ နှစ်အရွယ် နော်ဆွဲလာဖော ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး လယ်ဒိုမြို့နယ်မှာ အခုလို လေယာဉ်နဲ့ တိုက်ခိုက်လာတာကြောင့် အရင်ကပဲ စစ်ဘေးရှောင်ခဲ့ရတဲ့ ပြည်သူတွေဟာ အခုအချိန်အထိ စစ်ရှောင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးတော့ ဆောထိမြို့နယ်က တကက်ပူကျေးရွာနဲ့ ခလယ်လွီထူခရိုင်နဲ့ မူတရော်ခရိုင်နယ်စပ်က ဘောကော်ကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးတာမရှိပေမဲ့ လိုးထာကျေးရွာ၊ သေခိုစယ်ဒဲကျေးရွာ၊ ဃော်လေးခို ကျေးရွာ၊ ဝါးခါဒဲကျေးရွာ၊ လိုခီးကျေးရွာ၊ ကော်မူဒဲကျေးရွာ၊ စော်ရိုးခိုကျေးရွာ စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလထဲမှာပဲ လယ်ဒိုမြို့နယ်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ၆ ကြိမ်၊ ဂျက်တိုက်လေယာဉ်ပါ စက်သေနတ်နဲ့ ပစ်ခတ်တာ ၆ ကြိမ်၊ ဟော်လီကော်ပတာနဲ့ ပစ်ခတ်တာ ၇ ကြိမ် အပါအဝင် လေကြောင်းကနေ ၂၅ ကြိမ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟို ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ထဲက ပုဇွန်မြောင်းရွာဘက်မှာလည်း စစ်ကောင်စီ တပ်တွေဟာ မိုင်းမတော်တဆပေါက်ကွဲရာကနေ ထိခိုက် သေဆုံးတာတွေရှိနေတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
PDF တွေ လှုပ်ရှားလာနိုင်တယ်လို့ ထင်ရတဲ့လမ်းတွေမှာ စစ်ကောင်စီက မိုင်းတွေ ထောင်ရာကနေ မတော်တဆပေါက်ကွဲတာ အခုလထဲမှာပဲ ၅ ကြိမ်လောက်ရှိပြီလို့ ဆိုပါတယ်။
ဒေသခံတယောက်ကတော့ မိုင်းပေါက်ကွဲတာကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးထိခိုက်တာ မနည်းပေမဲ့ စစ်တပ်ဘက်က သတင်းဖုံးအုပ်ထားခဲ့တယ်လို့ ပြောပါတယ်။
မိုင်းတွေ ထောင်ထားပေမဲ့ အရပ်သားတွေထိခိုက်မှုမရှိသေးပေမဲ့ စပါးရိတ်သိမ်းချိန်ဖြစ်ပြီး ဘယ်နေရာမှာ မိုင်းထောင်ထားလဲ မသိတာကြောင့် မိုင်းထိမှာကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။
နေပူလိုက် မိုးရွာလိုက်ဖြစ်တဲ့ ရက်မျိုးတွေမှာ မိုင်းတွေ ထကွဲတတ်ပြီး ပျူစောထီးတွေလည်း သေဆုံးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ပုဇွန်မြောင်းရွာဘက်မှာ တိုက်ပွဲကငြိမ်နေပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ မကြာခဏပစ်ခတ်တာကြောင့် ဒေသခံအများစုဟာ နေရပ်ကို မပြန်နိုင်ကြဘဲ သူတို့အိမ်တွေက ပစ္စည်းတွေကိုတော့ စစ်တပ်နဲ့ ပျူစောထီးတွေက ခိုးယူလို့ ကုန်သလောက်ဖြစ်နေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။