စားသုံးဆီနဲ့ ဒေါ်လာ ပါမစ်ကိစ္စတွေနဲ့ ဖမ်းဆီးခံထားရတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို နေရာမှာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ကို အစားထိုးခန့်အပ်ခဲ့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်နဲ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုကိုတို့ကို စက်တင်ဘာလ ၈ ရက်မှာ ဖမ်းဆီးခဲ့ပြီး တစ်လကျော်မှာ စားထိုးခန့်အပ်ခဲ့တာလို့ စီးပွားကူသန်း ဝန်ထမ်းတဦးက ပြောပါတယ်။
"ဖမ်းထားတာသိပေမဲ့ ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားတယ်ဆိုတာ မသိဘူး။ ဦးညွန့်အောင်ကို အရင်နားပြီးမှ သူ့ကိုနားတာ ညွှန်ချုပ်နဲ့အတူ ညွှန်မှူး ငါးယောက်လည်းပါတယ်။”
စီးပွားကူးသန်းဝန်ကြီးဌာနမှ ဦးစီးအရာရှိတဦးက "ခန့်ထားတာကြာပြီ လတ်တလော ခေတ္တညွှန်ကြားရေးမှူးချုပ်ပေါ့ အတည်ပြုမခန့်ရသေးဘူး ညွှန်ချုပ်နဲ့ ညွှန်မှူးငါးဦးကို အဂတိနဲ့ စစ်နေတယ်ဆိုတာကြားပေမဲ့ အတည်ပြုလို့တော့ မရဘူး"လို့ ပြောပါတယ်။
ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုနဲ့အတူ ဖမ်းဆီးခံထားရတဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်ကို စက်တင်ဘာ ၂၅ ရ က်က တာဝန်ကနေ အနားပေးခဲ့ပြီး သူရဲ့နေရာမှာ ဦးမင်းမင်းကို စစ်ကောင်စီက ခန့်အပ်လိုက်ပါတယ်။
စစ်ကောင်စီဟာ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၈ ရက်အတွင်း ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ဒုဝန်ကြီး ဦးညွန့်အောင်၊ ညွန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ၊ ညွှန်ကြားရေးမှူး ငါးဦး အပါအဝင် လုပ်ငန်းရှင်တွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရသူထဲက ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကို အောက်တိုဘာ ၁၀ ရက်မှာ ထောင်ဒဏ်အနှစ် ၂၀ နဲ့ညီမျှတဲ့ ထောင်ဒဏ်တသက်တကျွန်း အမိန့်ချမှတ်ခဲ့ပါတယ်။
ဒါအပြင် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုလည်း စစ်ကောင်စီတပ်က စစ်ဆေးနေတယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။