Home
မြန်မာသတင်း
မောင်တောကျီးကန်းပြင်ဌာနချုပ်မှ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ
DVB
·
October 28, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ် ၁ နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ဌာနချုပ်ကနေ အောက်တိုဘာ ၂၇ ရက် ညနေ ၄ နာရီ ၄၅ က စတင်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေ အဆက်မပြစ် ပစ်ခတ်နေလို့ ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။

ကျီးကန်းပြင်ဌာနချုပ်အနီး နေထိုင်နေကြတဲ့ အောင်သာယာ ကျေးရွာဒေသခံတဦးက “ ညနေ ၄ ရာရီကျော်လောက်မှာ စပစ်တာပါ။ အခုထိပစ်တုန်း။ အရှေ့ဘက်က တောင်ကုန်း တောင်တန်းတွေကို ပစ်နေတာ။ ဒီနေ့ညတောင် အိပ်နိုင်ကြမလား။ မြို့ပေါ်ကို တက်ပြေးရမလား။ စဥ်းစားမရ ဖြစ်နေကြတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA, TNLA နဲ့ MNDAA တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာကြောင့် ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့တွေကို ရက္ခိုင့်တပ်တော်က ဝင်ရောက်တိုက်ခိုက်လာမှာကို စိုးရိမ်ပြီး သူတို့ဌာနချုပ်အနီး တောတောင်တွေကို လက်နက်ကြီးတွေပစ်ခတ်နေတာလို့ ရခိုင်စစ်ရေးလေ့လာသူ မောင်တောဒေသခံတဦးက ပြောပါတယ်။

“သူတို့သတင်းရထားလို့ ပစ်တာ ဖြစ်နိုင်သလို ကျီးကန်းပြင်ဌာနချုပ်က တောတောင်တွေနဲ့ နီးတော့ ကြိုတင် သတိပေးထားတဲ့သဘောလည်း ဖြစ်နိုင်တယ်။”

အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း မောင်တော ကျီးကန်းပြင်ဌာနချုပ်က ပထမဆုံးအကြိမ် ရက္ခိုင့်တပ်တော် ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေကို အခုလို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာလည်း ဖြစ်ပါတယ်။

မနေ့မနက်က မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုဖြစ်တဲ့ အင်းဒင်တပ်စခန်းနဲ့ ကျောက်ပန်းတူ တပ်စခန်းတို့ကနေလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ​အဲဒီလိုပစ်တာ မရှိခဲ့ဘူးလို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024