တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့အကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းမှုကနေဆင့် အပစ်အခတ်ရပ်စဲဖို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၂၇ ရက် နေ့စဉ်ပြုလုပ်နေကျ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက ကိုးကန့်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမော်နင်က ပြန်လည်ဖြေကြားခဲ့တာပါ။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကို အနီးကပ်စောင့်ကြည့်နေသလို အပစ်အခတ်ရပ်စဲရေးကို ဖြစ်နိုင်သမျှမြန်မြန် ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း ၊ပြောပါတယ်။
ဒါ့အပြင် တရုတ်-မြန်မာ နယ်စပ်ဒေသတွေ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ထိရောက်တဲ့ စီမံဆောင်ရွက်တာတွေ ချမှတ်လုပ်ဆောင်ဖို့ တရုတ်နိုင်ငံက တိုက်တွန်းတယ်လို့လည်း ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို မနေ့မနက်က စတင်လိုက်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိးမြို့တို့က စစ်ရေးအဓိကကျတဲ့ နေရာအများအပြားကို သိမ်းပိုက် ချေမှုန်းနိုင်ခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။