Home
မြန်မာသတင်း
ထီးချိုင့်မြို့နယ်တွင် တိုက်ပွဲဖြစ်
DVB
·
October 27, 2023
SAC_27102023
Htee Chaik_27102023
SAC_Air_27102023

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ပူးပေါင်း PDF တပ်ဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ထီးချိုင့်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိချောင်းအိုင်ကျေးရွာနဲ့ ကြက်သွန်ခင်းကျေးရွာအနီးမှာ KIA နဲ့ PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “မနက် ၄ နာရီလောက် တိုက်ပွဲစဖြစ်တယ်။ ထီးချိုင့်ဘက်ကလာတဲ့ စစ်တပ်ကို KIA နဲ့ PDF က ပူးပေါင်းတိုက်တာ။ အခုချိန်ထိ ပစ်ခတ်နေတုန်းပဲ။ တိုက်ပွဲဖြစ်နေတဲ့ မိချောင်းအိုင်ရွာနဲ့ ကြက်သွန်ခင်းရွာက လူတွေလည်း အားလုံးပြေးနေကြရတယ်။ နှစ်ဖက်အထိအခိုက်တော့ ရှိနိုင်တယ်။ တိတိကျကျ မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်က မင်းဝံတောင်ရိုးတလျှောက် Mi35 ဂျက်လေယာဉ်နဲ့ ၄၅ မိနစ်ခန့်ကြာအောင် လိုက်လံပစ်ခတ်နေကြောင်း Tigyaing Revolution TR က ထုတ်ပြန်ထားပါတယ်။

“တိုက်ပွဲဖြစ်နေတုန်း စစ်တပ် ဂျက်လေယာဉ်က ၄၅ မိနစ်လောက်ကြာအောင် တောင်ရိုးတလျှောက် လိုက်ပစ်တာ။ မနက် ၁၁ နာရီလောက်က စပစ်တာ။ အဲ့နားက ကျေးရွာတွေကလည်း ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ရှောင်နေကြရတာ။ တိုက်ပွဲဖြစ်နေတုန်း ရှောင်နေရတဲ့သူတွေလည်း မနည်းဘူး” လို့ တခြားဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA, PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက် ကျဆုံးမှုကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024