အမေရိကန်နိုင်ငံ၊ နယူးယောက်နဲ့ ကယ်လီဖိုးနီးယား အပါအဝင် ပြည်နယ် ၃၃ ခုက အစိုးရရှေ့နေတွေက ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဟာ လူငယ်တွေရဲ့ စိတ်ကျန်းမာရေး အကျပ်အတည်းကို လှုံ့ဆော်ပေးပြီး စွဲလမ်းအောင်လုပ်တယ်လို့ စွပ်စွဲရင်း Meta Platforms နဲ့ Instagram တို့ကို တရားစွဲလိုက်ကြပါတယ်။
ပြည်နယ်အစိုးရ ရှေ့နေတွေက ကယ်လီဖိုးနီးယားပြည်နယ် အုတ်ခ်လန်းမြို့က ပြည်ထောင်စု တရားရုံးမှာ တရားစွဲခဲ့တာပါ။
အောက်တိုဘာ ၂၄ ရက်က တင်သွင်းတဲ့ တိုင်ကြားချက်ထဲမှာ ဖေ့စ်ဘွတ်ခ်ကို စီမံနေတဲ့ Meta ဟာ ဆိုရှယ်မီဒီယာကို စိတ်မထိန်းနိုင်ဘဲ စွဲလမ်းအောင် ငယ်ရွယ်တဲ့ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို သိသိကြီးနဲ့ ဆွဲဆောင်ပြီး လူမှုကွန်ရက် ပလက်ဖောင်းတွေရဲ့ အန္တရာယ်တွေအကြောင်းနဲ့ ပတ်သက်ပြီး လူအများကို ထပ်ခါတလဲလဲ လှည့်ဖြားတယ်လို့ စွပ်စွဲထားပါတယ်။
Meta ဟာ ဆွဲဆောင်ဖို့ အစွမ်းထက်ပြီး မကြုံစဘူး နည်းပညာတွေကို အသုံးချပြီး နောက်ဆုံးမှာ လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေကို ဖမ်းဆုပ်ထားနိုင်တယ်လို့ တရားရုံးမှာ တင်သွင်းတဲ့ တိုင်ကြားချက်က ဆိုပါတယ်။
Meta အတွက် ငယ်ရွယ်တဲ့ သုံးစွဲသူ ကလေးတွေဟာ ကြီးပြင်းလာတာနဲ့အမျှ သူတို့ရဲ့ ထုတ်ကုန်တွေကို ဆက်ဝယ်မယ်လို့ မျှော်လင့်တဲ့ ကြော်ငြာရှင်တွေကို ပိုမိုလုံခြုံစေဖို့ ကူညီပေးနိုင်ပါတယ်။
ဒါပေမဲ့ သုတေသနအရ ကလေးတွေ Meta ရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို သုံးတာနဲ့ “စိတ်ကျရောဂါ၊ စိုးရိမ်စိတ်၊ အိပ်မပျော်ခြင်း၊ ပညာရေးနှင့် နေ့စဉ်ဘဝမှာ အနှောင့်အယှက်တွေနဲ့ တခြားအနုတ်လက္ခဏာ ရလဒ်တွေကြားမှာ ဆက်စပ်နေတယ်” လို့ ပြည်နယ်အစိုးရရှေ့နေတွေက ပြောပါတယ်။
Meta ကတော့ တရားစွဲတာတွေကို စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ အမေရိကန်က တခြားပြည်နယ် ရှစ်ခုနဲ့ ဝါရှင်တန်ဒီစီ မြို့တော်တို့ကလည်း Meta ကို အင်္ဂါနေ့က အလားတူ တရားစွဲဆိုခဲ့လို့ တရားစွဲသူ အာဏာပိုင် စုစုပေါင်း ၄၂ ပြည်နယ်အထိ တိုးလာခဲ့ပါတယ်။
Source/Photo-Reuters