နှစ်စဉ် ဆင်နွှဲနေကျ ဟို့ဂို စစ်ရေး သင်တန်းလေ့ကျင့်ခန်းရဲ့ အစိတ်အပိုင်းအနေနဲ့ တောင်ကိုရီးယားရေတပ်ဟာ အမေရိကန်ရေတပ် ကြည်းတပ်တို့နဲ့ ပင်လယ်ပြင်ရေကြောင်း စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
လေးရက်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းကို နိုင်ငံအနောက်ဘက် ကမ်းရိုးတန်းက ထဲအန်းမြို့နယ်မှာ အောက်တိုဘာ ၂၄ ရက်က စတင်ခဲ့ပြီး ရေတပ်နဲ့ လေတပ်တို့ ပူးတွဲ လေ့ကျင့်ခဲ့တာပါ။
တောင်ကိုရီးယားဘက်က ရေတပ်သင်္ဘောအစီးရေ ၃၀၊ ပင်လယ်ပြင် ကင်းထောက်လေယာဉ်တွေ၊ ပင်လယ်ပြင်စစ်ဆင်ရေး အပါချီ ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်တွေ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။
အမေရိကန်ရေတပ်ကလည်း P-8 ပင်လယ်ပြင် ကင်းထောက်လေယာဉ်နဲ့ အမေရိကန်စစ်တပ်က အပါချီ ရဟတ်ယာဉ်တို့လည်း စစ်ရေးလေ့ကျင့်ရာမှာ ပါဝင်ခဲ့တယ်လို့ တောင်ကိုရီးယား ရေတပ်က ပြောပါတယ်။
နှစ်နိုင်ငံစစ်တပ်တွေဟာ ပူးတွဲ စစ်ဆင်ရေးလုပ်နိုင်စွမ်း အားဖြည့်ဖို့နဲ့ ပင်လယ်ပြင်မှာ ရန်သူရဲ့ ကျူးကျော်နိုင်ခြေကို တုံ့ပြန်ဖို့ လေ့ကျင့်ခန်းမျိုးစုံကို လေ့ကျင့်ခဲ့တယ်လို့ ရေတပ်က ဆိုပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ဂျပန်နဲ့အတူ ကိုရီးယားကျွန်းဆွယ်နားမှာ အောက်တိုဘာ ၂၂ ရက်ကလည်း ပူးတွဲလေကြောင်း လေ့ကျင့်ရေးကို ဆင်နွှဲခဲ့ပါသေးတယ်။
ဒါဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်စွမ်း တိုးချဲ့ဖို့ ဖြစ်တယ်လို့ တောင်ကိုရီးယားလေတပ်က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
Source/Photo-Reuters