လက်ဘနွန်နိုင်ငံရဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ အကြီးအကဲဟာ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်နဲ့ အစ္စလာမ်ဂျီဟတ်အဖွဲ့တို့က ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဂါဇာရှိ ခုခံကာကွယ်မှုအတွက် အောင်ပွဲအစစ်အမှန်ကို ရရှိဖို့ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကို ဆွေးနွေးခဲ့ကြတယ်လို့ ဟစ်ဇ်ဘိုလာရဲ့ အယ်လ်မာနာ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပါတယ်။
အစည်းအဝေးမှာ ဟစ်ဇ်ဘိုလာအဖွဲ့မှ ဆေယစ်ဒ် ဟက်ဆန် နက်စ်ရာလာ၊ ဟားမတ်စ်အဖွဲ့ လက်ထောက်အကြီးအကဲ ဆာလေး အယ်လ် အာရိုရီနဲ့ အစ္စလာမ်ဂျီဟတ် အကြီးအကဲ ဇီယဒ် အယ်လ် နာခလာတို့က ဝိုင်းဖွဲ့ဆွေးနွေးခဲ့ပါတယ်။
ယီမင်၊ အီရတ်နဲ့ လက်ဘနွန်တို့မှာ တီဟီရန် ကျောထောက်နောက်ခံပြု ပြည်သူ့စစ်တွေရဲ့ လတ်တလော တိုက်ခိုက်မှုတွေကို အီရန်က အမိန့်ပေး ညွှန်ကြားခဲ့တယ်လို့ အောက်တိုဘာ ၂၅ ရက်မှာ အစ္စရေးစစ်တပ်က ပြောထားပြီး အစ္စရေးဟာ သူ့ရဲ့ အမေရိကန် မဟာမိတ်နဲ့အတူ ဒေသတွင်းကို ပူးပေါင်း စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်ဟာ လက်ရှိ ဂါဇာမှာ ဟားမတ်စ်တွေကို ထောက်လှမ်းရေးပိုင်း ပံ့ပိုးပေးနေပြီး ကမ္ဘာတဝန်း အစ္စရေးဆန့်ကျင်ရေး စိတ်ဓာတ်တွေကို အွန်လိုင်းစာတိုပေးပို့ရေး လှုံ့ဆော်မှုနဲ့ ကူညီပေးနေတာဖြစ်ကြောင်း အစ္စရေး စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာဂါရီက ပြောသွားပါတယ်။
“စစ်ပွဲမစရသေးခင်မှာပဲ အီရန်ဟာ ဟားမတ်စ်တွေကို လေ့ကျင့်ပေးမှု၊ လက်နက်၊ ငွေကြေး၊ နည်းပညာဆိုင်ရာ အသိပညာတွေနဲ့ တိုက်ရိုက်ကူညီခဲ့တယ်။ ညွှန်ကြားချက်တွေဟာ အီရန်နိုင်ငံ တနေရာတည်းကနေ လာခြင်းဖြစ်တယ်။ ဟားမတ်စ်၊ ISIS တို့ရဲ့ ရာဇဝတ်မှုတွေအတွက် အရှေ့အလယ်ပိုင်းကို မတည်မငြိမ်ဖြစ်စေမယ့်သူတွေကို ဖုံးဝှက်မထားသင့်ဘူး” လို့လည်း အစ္စရေး ရေတပ်ဗိုလ်ချုပ်ကြီးက ပြောပါတယ်။
Source/Photo-Reuters