ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်သွားတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON)ဟာ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ကုန်းတွင်းမုန်တိုင်းငယ် အဖြစ်သို့ အားလျော့သွားခဲ့ပြီလို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ဟမွန်း”(HAMOON)နဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီအချိန်မှာ မိုးဇလက နောက်ဆုံးထုတ်ပြန်လိုက်တာဖြစ်ပြီး အဆိုပါ ကုန်းတွင်း မုန်တိုင်းငယ်ဟာ အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ တဖြည်းဖြည်း အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ကချင်၊ ကယား၊ ကရင်၊ မွန်ပြည်နယ်နဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအတော်များများမှာ မိုးရွာခဲ့ပြီး မှတ်သားဖွယ်ရာ မိုးရေချိန်တွေကတော့ ထီးလင်းမြို့မှာ ၃ ဒသမ ၉၄ လက်မ၊ ရန်ကုန်(ဒဂုံမြိုသစ်မြောက်ပိုင်း)မှာ ၂ ဒသမ ၉၅ လက်မ၊ ပလက်ဝမှာ ၂ ဒသမ ၅ ၆ လက်မ၊ ဗိုလ်တထောင်မြို့နယ် မှာ ၂ ဒသမ ၄၈ လက်မ၊ မရမ်းကုန်းမြို့နယ်မှာ ၂ ဒသမ ၃၆ လက်မ၊ ကန့်ဘလူမြို့မှာ ၂ ဒသမ ၀၈ လက်မ၊ တံတားဦးမှာ ၁ ဒသမ ၉၇ လက်မနဲ့ ပေါက်တောမှာ ၁ ဒသမ ၉၃ လက်မ အသီးသီးရှိပါတယ်။
မြန်မာ့ပင်လယ်ပြင် ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့် ရှိမယ်၊ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ၆ ပေမှ ၈ ပေခန့်နဲ့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၆ ပေလောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။