Home
မြန်မာသတင်း
အင်းတော်တွင် CDM ကျောင်းဆရာအပါအဝင် ၂ ဦးကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်
DVB
·
October 25, 2023
Inn Taw_25102023
Inn-Taw-CDM-Teacher-Local-People-arrested-by-SAC_25102023

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ အောက်တိုဘာ ၂၃ ရက်က CDM ကျောင်းဆရာ ၁ ဦးအပါအဝင်  ပြည်သူ ၃ ဦးကို အင်းတော်မြို့နယ် စစ်ခုံရုံးက ထောင်ဒဏ်တသက်တကျွန်းအပါအဝင်  နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျောင်းဆရာက နေအိမ်မှာ စစ်တပ်က ဝင်စီးပြီး ဖမ်းတာ။  အမျိုးသမီးတဦးကတော့ မြို့ထဲမှာ တယ်လီဖုန်းစစ်ရင်း အဖမ်းခံရတာ။ နောက်တယောက်ကတော့ ဘယ်လို အဖမ်းခံရလဲ မသိဘူး။ အမျိုးသမီးကို ထောင်ဒဏ် ၇ နှစ်၊ ကျောင်းဆရာနဲ့ အမျိုးသားတဦးကို ထောင်တသက် စစ်ခုံရုံးက ချမှတ်လိုက်တယ်” လို့ အင်းတော်မြို့နယ်ဒေသခံတဦးက ပြောပါတယ်။

CDM အလယ်တန်းပြကျောင်းဆရာ ဦးဟိဏ်းမင်းသူဟာ ရပ်ဝေးမှနေပြီး ဇနီး မီးဖွားဖို့ ရေနားတန်းရပ်ကွက်နေအိမ်ကို ပြန်လာစဉ် ဇွန် ၅ ရက်က အဖမ်းခံခဲ့ရတာဖြစ်ပြီး မဂျုံးဂျုံးကျော်ဇင်ကတော့ သြဂုတ် ၁၁ ရက်က ကသာမြို့ မွေးနေ့ပွဲတခုမှ ပြန်လာစဉ် အင်းတော်စစ်ဆေးရေးဂိတ်မှာ ဖုန်းအစစ်ဆေးခံရပြီး ဖမ်းဆီးခံခဲ့ရတာပါ။ 

ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကိုဇော်မြင့်ထွန်းကိုတော့ စစ်ကောင်စီတပ်က ဘယ်တုန်းက ဖမ်းဆီးခဲ့တယ်ဆိုတာ မသိရဘူးလို့ အင်းတော်အခြေစိုက် တော်လှန်ရေးအဖွဲ့ Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက မ‌ဂျုံးဂျုံးကျော်ဇင်ကို ပုဒ်မ၅၂ (က) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်၊ ကိုဟိဏ်းမင်းသူနဲ့ ကိုဇော်မြင့်ထွန်းတို့ကိုတော့  ပုဒ်မ ၅၀ (ည) ၅၂(က) နဲ့ ၅၂(ခ) တို့အရ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်ကလည်း အင်းတော်မြို့နယ် ကမ်းနီကျေးရွာမှာနေထိုင်တဲ့ ဦးအောင်ဇော်ဦးနဲ့ ဦးတင်မြင့်တို့အား PDF ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းတော်စစ်ခုံရုံးက ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း  ထောင်ဒဏ်တသက်တကျွန်း ချခံထားရသူ ၃၀၀ ဝန်းကျင်၊ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသား ၁၂၀ ဦးနဲ့ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ဦးရှိတယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024