ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင် မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်တားဆီးနှိမ်နင်းအဖွဲ့နဲ့ ဘန်ဟွေဟန်ဖန် စစ်ဆေးရေးဂိတ်က လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး မဲဆောက်မြို့ အမှတ် ၆ ရပ်ကွက်မှာ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက စစ်ဆေးနေစဉ် နေထိုင်ခွင့်သက်တမ်း ၁၃၀၁ ရက် ကျော်လွန်ခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးနဲ့ နေထိုင်ခွင့်သက်တမ်း ၁၄၉ ရက် ကျော်လွန်ခဲ့တဲ့ အသက် ၃၆ နှစ် မြန်မာနိုင်ငံသားတဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် ဝင်လာတဲ့ အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးကို အောက်တိုဘာ ၂၃ ရက်က မဲဆောက်ဈေးမှာ ဖမ်းဆီးရမိခဲ့သလို အောက်တိုဘာ ၂၄ ရက်မှာလည်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတဦးကို ထပ်မံ ဖမ်းဆီးမိခဲ့ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၄ ဦးထဲက နေထိုင်ခွင့်သက်တမ်းကျော်ခဲ့တဲ့ ၂ ဦးကို မဲဆောက်မြို့မရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပြီး တရားမဝင် ဝင်ရောက်လာတဲ့ ၂ ဦးကိုတော့ လူဝင်မှုကြီးကြပ်ရေးရုံးမှာ ဆက်လက်စစ်ဆေးနေတယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက စက်တင်ဘာလမှာ ကြေညာခဲ့ပြီး တလကျော်အတွင်း မြန်မာနိုင်ငံသား အယောက် ၆၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
Photo-Tak Immigration