ချင်းပြည်နယ်က ခေါ်နူးစုမ် အမျိုးသားဥယျာဉ် အပါအဝင် တခြား ထိန်းသိမ်းရေး သစ်တောတွေက သစ်တောထွက်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားတာကို တားမြစ်လိုက်ပြီး ပြုလုပ်ပါက အရေးယူသွားမယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
ခေါ်နူးစုမ် အမျိုးသားဥယျာဉ်ထဲမှာ စည်းမဲ့ကမ်းမဲ့ သစ်ပင်တွေခုတ်လှဲတာ၊ နယ်မြေကျူးကျော်ပြီး သစ်တောထွက်ပစ္စည်းအမျိုးမျိုး တရားမဝင် ရှာဖွေစုဆောင်းတာနဲ့ ရောင်းဝယ်ဖောက်ကားတာတွေ ပြုလုပ်နေသူတွေ ရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ခေါ်နူးစုမ် အမျိုးသားဥယျာဉ်ထဲက ဇီဝမျိုးကွဲ တိရစ္ဆာန်များ၊ သစ်ခွပန်းအမျိုးမျိုးနဲ့ ချိတ်များ၊ မြေအောက်မှာပေါက်တဲ့ အပင်များ၊ ကမ္ဘာဦးသစ်လို့ ခေါ်တဲ့ သစ်ပင်တွေကိုလည်း စနစ်တကျ ထိန်းသိမ်းမှုတွေ လုပ်နေတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
ကန်ပက်လက်မြို့နယ် ကောင်စီဥက္ကဋ္ဌ ဆရာထွန်းဟုန်းက“အရင်ကတော့ ခေါ်နူးစုမ်ကြိုးဝိုင်းကို နတ်မတောင် အမျိုးသားဥယျာဉ်ရုံးက တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ထိန်းသိမ်းခဲ့ကြတာပေါ့။ အခုနောက်ပိုင်းတော့ ခေါ်နူးစုမ် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး မြို့နယ်ထဲက အုပ်ချုပ်ရေးအဖွဲ့အသီးသီးနဲ့ တပ်ရင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းထိန်းသိမ်းနေကြပါတယ်” လို့ ပြောပါတယ်။
ခေါ်နူးစုမ် (ဒေသအခေါ်) နတ်မတောင် အမျိုးသားဥယျာဉ်ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်က အာဆီယံအမွေအနှစ်ဒေသအဖြစ် တိုးမြှင့်သတ်မှတ်ထားပြီး ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဥယျာဉ်အဖြစ် ဦးစားပေးအဆင့် ၁ နဲ့ အဆိုပြု သတ်မှတ်ထားတဲ့ ဥယျာဉ်တခုလည်း ဖြစ်ပါတယ်။
ခေါ်နူးစုမ် အမျိုးသားဥယျာဉ်ကို အရင်က ခရီးသွားပြည်သူ အများအပြား လာရောက်လည်ပတ်ခဲ့ကြပေမဲ့ ကိုဗစ်ရောဂါကာလနဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ချင်းပြည်နယ်ရဲ့ စစ်ရေးအခြေအနေကြောင့် ခရီးသွားပြည်သူ လာရောက်မှု မရှိသလောက်ဖြစ်နေပြီလို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။