ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာဒေသရှိ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်မြေပြင်ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော် အောက်တိုဘာ ၂၃ ရက်က သွားရောက်ကာ ရဲဘော်တွေနဲ့ တွေ့ဆုံ အားပေးခဲ့ပါတယ်။
အခုလိုသွားရောက်ပြီးနောက် “အတွေး” ဆိုပြီး မှတ်စုမှာရေးထားတဲ့စာကို ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က သူ့ရဲ့ဖေ့စ်ဘွတ်ခ် လှုမှုကွန်ရက် စာမျက်နှာကနေ ညပိုင်းမှာ ရေးတင်ခဲ့ပါတယ်။
“ကိုယ့်ရဲဘော်တွေကို အားပေးဖို့ သွားတာ။ စကစ လေကြောင်းကနေ ချပေးတဲ့ ထမင်းကြော်ထုပ်ရဲ့ နေ့စွဲမှတ်တမ်းကို ကြည့်တော့ 18-2-2021 တဲ့။ ဒီ ထမင်းကြော်ထုပ် ရရှိခဲ့တဲ့ စကစစစ်သည် (နောက်ဆုံးအချိန်မှာ) ဘယ်လိုများ ခံစားခဲ့ရမလဲလို့ အပြန်ခရီးမှာ တွေးနေမိပါတော့တယ်”လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က မှတ်စုမှာ ရေးထားတဲ့ လက်ရေးမူစာနဲ့ ပစ္စည်းတွေရဲ့ပုံကို ရေးတင်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်က စစ်ကောင်စီစခန်းကို KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ၃ ရက်အကြာ KIO အုပ်ချုပ်ရေးအဖွဲ့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က စစ်မြေပြင်ကရဲဘော်တွေကို သွားရောက်အားပေးခဲ့တာ ဖြစ်တယ်လို့ ရေးသားဖော်ပြချက်အရ သိရပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်ကလည်း စစ်ကောင်စီက အောင်ဂျာစစ်စခန်းကို လေထီး ၁၀ ခုကျော်နဲ့ ရိက္ခာ၊ ခဲယမ်း ဖြည့်တင်းခဲ့ရာ လေထီးတချို့ကို KIA ဘက်က ရရှိခဲ့ပါတယ်။
အောက်တိုဘာ ၁၉ ရက်မှာလည်း လေထီးတွေနဲ့ လက်နက်ခဲယမ်း ရိက္ခာတွေ ချပေးပြီး နောက်တနေ့မနက် အစောပိုင်းမှာပဲ KIA က မဟာမိတ်ပူးပေါင်းအဖွဲ့တွေနဲ့ စခန်းသိမ်းတိုက်ပွဲ တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။