စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရရှိခဲ့ကာ ဒဏ်ရာရရှိသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၂၃ ရက် ဒီမနက် ၁၀ နာရီကျော်က ဆေးရုံကြီးဝင်းအတွင်း ဆေးရုံအုပ်ရုံးခန်းအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတဲ့နေရာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
ဆေးရုံကြီးအနီး နေထိုင်သူတဦးက “ဗုံးပေါက်တဲ့အသံတော့ မကြားလိုက်ရဘူး။ ဗုံးပေါက်တယ်ဆိုတာပဲ သိရတာ။ ဆိုင်ကယ်နဲ့လာပြီး ဗုံးကိုပစ်သွားတာ။ အဲ့ဒီနေရာကနေ ဖြတ်သွားတဲ့ ကောင်မလေး ထိသွားတာကို စစ်တပ်ကကောင်တွေက တရားခံဆိုပြီး ဖမ်းဆီးစစ်ဆေးနေတာ။ ကောင်မလေးက မြို့ပေါ်ရပ်ကွက်ကပါပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။
ဆိုင်ကယ်တစီးနဲ့ လူလတ်ပိုင်းအမျိုးသား ၂ ဦး ဆေးရုံဝင်းအတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးဂိတ်ကို ဗုံးနဲ့ပစ်ခတ်ချိန်မှာ အနီးမှာရှိတဲ့ အမျိုးသမီး ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့တာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆေးကုသခွင့်မပေးဘဲ ဖမ်းဆီးစစ်ဆေးနေတာလို့ သိရပါတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ လုံခြုံရေးဂိတ်ကို ဗုံးလာပစ်တဲ့အဖွဲ့က အမျိုးသမီး လက်ထဲမှာတင် ဗုံးပေါက်ကွဲတာလို့ စွပ်စွဲဖော်ပြထားပြီး အရေးယူနိုင်ဖို့ မြို့နယ်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။
မတ်လ ၂၈ ရက်ကလည်း ရွှေဘိုမြို့ ကားကြီးဝင်းအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၂ ဦးသေဆုံးကာ အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။