ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မှာ သီတင်းကျွတ် မီးရှူးမီးပန်းဖောက်တာနဲ့ ဗျောက်အိုးဖောက်ပါက ဖမ်းဆီးအရေးယူသွားမယ်လို့ အောက်တိုဘာ ၂၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေက လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇလွန်မြို့ပေါ်ရပ်ကွက်တွေမှာ အောက်တိုဘာ ၂၂ ရက် ည ၇ နာရီကျော်က ရဲတွေ လုံခြုံရေးယူပြီး စစ်ကောင်စီအုပ်ချုပ်ရေးမှူးတွေက အသံချဲ့စက်နဲ့ လိုက်လံ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကြေညာချက်ထဲမှာ PDF, NUG နဲ့ CRPH တို့က ဗြောက်အိုးဖောက်တာနဲ့ မီးရှူးမီးပန်းဖောက်တာကို အခွင့်ကောင်းယူပြီး မြို့ရွာမတည်မငြိမ်ဖြစ်အောင် ဖောက်ခွဲရေးတွေ လုပ်နိုင်တဲ့အတွက် ဗြောက်အိုးနဲ့ မီးရှူးမီးပန်းဖောက်တာကို မပြုလုပ်ကြဖို့နဲ့ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမယ်လို့ ကြေညာခဲ့တာပါ။
ဇလွန်ဒေသခံတဦးက “ကြေညာတာတောင် လုံခြုံရေးယူပြီး ကြေညာနေတာ တော်တော်ကြောက်နေလို့ ထင်တယ်။ ဗြောက်အိုးအသံတွေနဲ့ရောပြီး တခုခုလုပ်မှာစိုးလို့ ကြေညာတာထင်တယ်။ အုပ်ချုပ်ရေမှူးနားကသူတွေ ပြောတာတော့ သီတင်းကျွတ်ကာလအတွင်း ရဲစခန်းကို လာတိုက်ခိုက်မယ်လို့ ကြားလို့တဲ့။ ဒီရက်ပိုင်း အစစ်အဆေးများပြီး သူတို့ လုံခြုံရေးလည်း တင်းကျပ်နေတယ်” လို့ ပြောပါတယ်။
ဇလွန်မြို့နယ်မှာ စစ်ကောင်စီအခြေစိုက်ရာ နေရာတွေ၊ စစ်ကောင်စီတပ်သားတွေ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေး ဒလန်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ တိုက်ခိုက်တာတွေ ရှိနေပါတယ်။