မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမှာ အောက်တိုဘာ ၂၂ ရက် ည ၉ နာရီလောက်က မော်တော်ယာဉ်တစီး မိုင်းထိမှန်ပြီး ယာဉ်မောင်းဖြစ်သူ အမျိုးသားနဲ့ ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသမီးတဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဦးဝဏ္ဏကျော်နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်ထက်ထက်အောင်တို့ လိုက်ပါလာတဲ့ SOJEN TRUCK အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ဟာ ဘီးလင်းမြို့ဘက်ကနေ သထုံမြို့ဘက်ကို မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၁၃၂/၅ နဲ့ ၁၃၂/၆ ကြားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာလို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
ဒေသခံတဦးက“ဖြစ်တာက ည ၉ နာရီလောက်တည်းကပါ။ ကျနော်တို့လည်း အိပ်မလို့ တံခါးပိတ်နေတုန်း ကားလမ်းပေါ်က ပေါက်ကွဲသံကြားလိုက်တာ။ ပထမတော့ ကားဘီးပေါက်တယ်ပဲ ထင်တာ။ အာဏာသိမ်းပြီးနောက်ပိုင်း သုံးလေးခါလောက်တော့ အခုလိုဖြစ်ဖူးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ယာဥ်မောင်း ဦးဝဏ္ဏကျော်မှာ ဘယ်ဘက်မေးရိုးမှ မိုင်းစဖောက်ဝင်ဒဏ်ရာ တချက်နဲ့ လည်ပင်းအောက်မှာ မိုင်းစဖောက်ဝင်ဒဏ်ရာ တချက် (စိုးရိမ်ရ) ရရှိခဲ့ပြီး ဇနီးဖြစ်သူမှာ ဦးခေါင်းထက် မိုင်းစရှပ်မှန်ဒဏ်ရာ တချက်၊ ဦးခေါင်းဖူးရောင်ဒဏ်ရာ တချက် (မစိုးရိမ်ရ) ရရှိခဲ့တာကြောင့် သထုံခရိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သထုံမြို့နယ်အတွင်းမှာ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်းနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်နေပါတယ်။