ထိုင်းနိုင်ငံ၊ ဆူဖန်ဘူရီမြို့မှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ သွားရောက်လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမား အယောက် ၃၀၀ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရတာကြောင့် MHAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့တယ်လို့ ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။
ဆူဖန်ဘူရီမြို့ရှိ ပီနံအိတ်အလုပ်ရုံဟာ အလုပ်သမားတွေရဲ့ ပတ်စပို့စာအုပ်တွေ သိမ်းဆည်းထားတာ၊ ပကန်ဆန်ခုမ် ခေါ် ကျန်းမာရေး အာမခံကတ်နဲ့ ပတ်သက်ပြီး ပြဿနာရှိတာတွေနဲ့ အလုပ်ရုံရဲ့ မြန်မာစကားပြန်က မြန်မာမိန်းကလေးတွေအပေါ် မဖွယ်မရာ ပြုလုပ်တာတွေကြောင့် မြန်မာအလုပ်သမားတွေဟာ MHAC မဟာမိတ်အဖွဲ့ထံ အကူအညီ တောင်းခံခဲ့တယ်လို့ သိရပါတယ်။
ကာယကံရှင် အလုပ်သမားတဦးက “အလုပ်ရုံရဲ့ မြန်မာစကားပြန်က မိန်းကလေးတွေအပေါ် မဖွယ်မရာ ပြုလုပ်တာတွေကြောင့် အဲဒါကို အဓိကထားပြီး သွားတိုင်တာပါ။ ပြီးတော့ ကျနော်တို့ အလုပ်စဝင်တဲ့ နေ့ကတည်းကစပြီး ပတ်စပို့စာအုပ်တွေကို အလုပ်ရှင်ထံ အပ်ထားရပါတယ်။ နောက်ပြီးတော့ ကျန်းမာရေးအာမခံကတ်နဲ့ ပတ်သက်ပြီး လစဉ် တလကို ဘတ် ၅၀၀ သွင်းရပါတယ်။ ကျနော် ဆေးရုံဆေးခန်းသွားဖူးတာ ၅ ခါလောက်ရှိပြီ။ တခါပဲ ကျန်းမာရေးအာမခံကတ်ကြေးပေးထားတဲ့ ဆေးရုံပဲ ပို့ပေးတာ။ ကျန်တာတွေက ပြင်ပဆေးခန်း ဆေးရုံမှာပဲ ပို့ပေးလို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကုလိုက်ရတယ်” လို့ ပြောပါတယ်။
ကိုရဲမင်း ဦးဆောင်တဲ့ MHAC မဟာမိတ်အဖွဲ့ တာဝန်ရှိသူတဦးက “ပတ်စပို့စာအုပ်နဲ့ ပတ်သက်ပြီးတော့ ဖြစ်နေတာတော့ ကြာပြီ။ အလုပ်သမားတွေ အလုပ်စဝင်ကတည်းက စာအုပ်တွေကို အလုပ်ရှင်က သိမ်းထားတာ။ အလုပ်သမားတွေက ကျန်းမာရေးအာမခံကတ်ကြေး သွင်းထားပြီး ဖျားတာ နာတာကျတော့ ကိုယ်စရိတ်နဲ့ကိုယ် ပေးရတာမျိုး ကြုံနေရတယ်။ ပြီးတော့ မြန်မာစကားပြန်က မိန်းကလေးတွေအပေါ် မဖွယ်မရာ ပြုလုပ်တာတွေ ရှိတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျနော်တို့အဖွဲ့က ထိုင်းအစိုးရ အာဏာပိုင်တွေနဲ့အတူ ပူးပေါင်းပြီး ဖြေရှင်းပေးခဲ့ပြီးပြီ” လို့ ပြောပါတယ်။
ကာယကံရှင် အလုပ်သမားတဦးကလည်း “အခုလို ဖြေရှင်းပေးပြီးတဲ့နောက်မှာ ကျနော်တို့ ပတ်စပို့စာအုပ်တွေလည်း ပြန်ရကြပြီ။ ပတ်စပို့စာအုပ်တွေ ရပြီးနောက် တခြားအလုပ်ခွင်ဆီ ပြောင်းသွားကြတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ မြန်မာစကားပြန်နဲ့ အလုပ်ရှင်ကိုတော့ ထိုင်းအာဏာပိုင်တွေက အရေးယူတာမျိုးတော့ မရှိဘူး။ သက်သေမရှိဘူးဆိုတဲ့ စကားနဲ့ သူတို့ အကာအကွယ်ယူထားတာ။ သက်သေယူထားဖို့ ဆိုတာကလည်း ကျနော်တို့ကို လုပ်ငန်းခွင်ထဲမှာ ဖုန်းမပေးကိုင်ဘူး။ CCTV ကနေ သက်သေယူဖို့ ပြောတော့လည်း CCTV က ပျက်နေတယ်လို့ သူတို့ဘက်က ဆင်ခြင်ပေးတာတော့ ရှိတယ်။ ကျနော်တို့ဘက်က အဲဒီလို တိုင်ကြားတဲ့အတွက် လုပ်ငန်းခွင်ထဲမှာ နေရထိုင်ရတော့ ခက်တာပေါ့” လို့ ပြောပါတယ်။
အဆိုပါ မြန်မာအလုပ်သမား အယောက် ၃၀၀ ထဲမှာ အမျိုးသား ၁၅၀ ဝန်းကျင်နဲ့ အမျိုးသမီး ၁၅၀ ဝန်းကျင် ရှိတယ်လို့ မြန်မာအလုပ်သမားတွေထံက သိရပါတယ်။