Home
မြန်မာသတင်း
ပါတီဝင်ဦးရေ မပြည့်မီသည့်  နိုင်ငံရေးပါတီများကို ဆက်လက်ရပ်တည်ခွင့်ပေးမည်မဟုတ် 
DVB
·
October 23, 2023
UEC
UEC_23102023

သတ်မှတ်ထားတဲ့ ပါတီဝင်ဦးရေ ပြည့်မီခြင်းမရှိတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ဆက်လက် ရပ်တည်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ စစ်ကောင်စီ ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၁ ရက်က မန္တလေးမြို့မှာ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့ နည်းဥပဒေတွေကို အခုနှစ်အတွင်း စိတ်ကြိုက်ရေးဆွဲ အသစ်ပြဋ္ဌာန်းခဲ့တာပါ။ 

အဆိုပါဥပဒေအသစ်ထဲမှာ နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံတဝန်းစည်းရုံးမယ့် ပါတီဖြစ်ပါက အနည်းဆုံး ပါတီဝင်ဦးရေ တစ်သိန်းနဲ့ တိုင်းဒေသကြီးပြည်နယ် တစ်ခုအတွင်းစည်းရုံးမယ့် ပါတီက ပါတီဝင် ဦးရေ တစ်ထောင်သတ်မှတ်ထားကာ  မှတ်ပုံတင်ပြီး ရက်ပေါင်း ၉၀ အတွင်း စုဆောင်းရမယ်လို့ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတွေဟာ မှတ်ပုံတင်ပြီး ရက်ပေါင်း ၁၈၀ အတွင်း သတ်မှတ်ထားတဲ့ ရုံးခန်းအရေအတွက်ကို ဖွင့်လှစ်ထားဖို့အတွက်လည်း ဥပဒေမှာ ပါဝင်နေတာ‌ကြောင့် သတ်မှတ်ချက်တွေနဲ့ မပြည့်မီတဲ့ ပါတီတွေဟာ ဆက်လက်ရပ်တည်ခွင့်ရမှာမဟုတ်ဘူးလို့ ရွေးကော်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားခဲ့တာပါ။

နိုင်ငံရေးပါတီတချို့က ပါတီဝင် အရေအတွက်ကို မမှန်မကန် တင်သွင်းတာတွေရှိခဲ့တယ်လို့လည်း ကော်မရှင်က ပြောပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံမှာ နိုင်ငံရေးပါတီ ၆၄ ပါတီက မှတ်ပုံတင်လျှောက်ထားပြီး ၃၇ ပါတီကို ခွင့်ပြုပေးထားပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါဝင် တိုင်းရင်းသားပါတီကြီးတွေကတော့ စစ်ကောင်စီ အာဏာသိမ်းမှုနဲ့ ရွေးကောက်ပွဲအသစ် ကျင်းပမှာကို လက်မခံတဲ့အတွက် ပါတီပြန်လည်မှတ်ပုံတင်ခြင်းမရှိတဲ့လို့ ဖျက်သိမ်းခံထားရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024