ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်ထဲရှိ မှော်ဘီလေတပ်စခန်းကို အောက်တိုဘာ ၂၂ ရက် မနေ့ည ၉ နာရီကျော်လောက်မှာ ၁၀၇-မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ လုံး ထိမှန် ပေါက်ကွဲခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေက ပြောပါတယ်။
မှော်ဘီဒေသခံတဦးက "ပေါက်ကွဲသံ ၃ ချက် ကြားလိုက်တယ်၊ အသံက ပေါက်ကွဲအားပြင်းတဲ့အသံ။ ၃ ချက်မှာ ၂ ချက်က အတော်ကျယ်တယ် မြေကြီးပါတုန်တယ်၊ အသံကတော့ လေတပ်ဘက်အသံပဲ" လို့ ပြောပါတယ်။
မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
လေတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မှော်ဘီလေတပ်အနီး ပြည်လမ်းပေါ်မှာ စစ်ကားတွေ လှည့်ပတ်နေကြောင်း၊ လေတပ်စခန်းအနီးမှာလည်း တားဆီးပိတ်ဆို့ စစ်ဆေးနေပါတယ်။
မနေ့ည ၁၀ နာရီကျော်တဲ့အထိ ရဟတ်ယာဉ်တွေနဲ့ မှော်ဘီ၊ ထောက်ကြံ့၊ လှည်းကူးတဝိုက်မှာ အနိမ့်ပျံဝဲပြီး ဆလိုက်မီးထိုးကာ ပစ်ခတ်တိုက်ခိုက်သူတွေကို အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၂ ရက် ည ၉ နာရီခွဲလောက်ကလည်း မှော်ဘီမြို့ စစ်တပ်လေတပ်စခန်းအနီး ပေါက်ကွဲမှု ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။