အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ဇနီးဖြစ်သူတို့ တက်ရောက်ခဲ့တဲ့ အင်းလေး ဖောင်တော်ဦးဘုရားပွဲမှာ စည်တော်တီးရာမှ စည်ပေါက်ထွက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၁ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးတို့ ဖောင်တော်ဦးဘုရားပွဲ တက်ခဲ့ရာ အောက်တိုဘာ ၁၉ ရက်မှာ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ အပူဇော်ခံချိန် ဟဲဟာရွာမမှ ငါးဖယ်ချောင်းသို့ ကြွချီစဉ် ငါးဖယ်ချောင်းမှာ စည်တော်တီးကြရာ စည်တော်ပေါက်ကွဲသွားခဲ့တာလို့ ညောင်ရွှေမြို့ခံတွေက ပြောပါတယ်။
အခုလို စည်တော်ပေါက်တာဟာ မြန်မာ့ဗေဒင်နက္ခတ် သဘောတရားအရ "ထီးကျိုးစည်ပေါက် ထီးနန်းပျောက်” တဘောင်အရ လက်ရှိအုပ်ချုပ်နေသူ ဘုရင်(သို့)မင်းဟာ ပါပဂြိုလ်ဆိုးဝင် ရောက်စီးနင်းနေတဲ့အတွက် စည်တိုင်ပေါက်ရတာဖြစ်တယ်လို့လည်း အင်းလေးမြို့ခံ ဗေဒင်နက္ခတ် ကျွမ်းကျင်တွက်ချက်တက်သူတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက"ဖောင်တော်ဦးဘုရားပွဲကျင်းပခဲ့တဲ့အခါတိုင်း အခုလိုစည်ပေါက်ဖူးတာ ငယ်ကတည်းကမ ကြုံဖူးသေးဘူး အကောင်းကနေ အပျက်ဖြစ်သွားတဲ့သဘောဟာ မကောင်းတဲ့အဖြစ်အပျက်ပါ နိမိတ်တွေဆိုတာ ရှိပြီးသားပါ မယုံကြည်လို့မရဘူး တိုင်းပြည်အတွက်လည်းမကောင်းပါဘူး"လို့ ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါဖြစ်ပွားကတည်းက ၃ နှစ်တာ မကျင်းပဖြစ်ခဲ့ဘဲ ရပ်နားခဲ့ရတဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲကို ယခုနှစ်မှာ ပြန်လည်ကျင်းပခွင့်ရတာဖြစ်ပေမဲ့ အခုလို စည်ပေါက်တဲ့ အဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။