တောင်ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သားတွေစေလွှတ်နိုင်ရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ အစိုးရချင်း G to G ဆွေးနွေးနေတယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။
အခုနှစ် ဩဂုတ်လလောက်က စတင်ပြီး နေပြည်တော်မှာ ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သားအဖြစ် လုပ်ကိုင်ဖို့ဆိုပြီး လူစုဆောင်းမှုတွေ ပြုလုပ်နေတာပါ။
ဒါပေမဲ့ လတ်တလောမှာတော့ စေလွှတ်နိုင်ဦးမှာမဟုတ်သေးကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက MRTV မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားမှာ ပြောကြားခဲ့တာပါ။
ဦးညွန့်ဝင်းက " အပြင်မှာပြောနေကြတဲ့ ကိုရီးယားကို လွှတ်ဖို့က မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်တယ်။ လတ်တလောတော့ မဟုတ်သေးဘူး။ နှစ်နိုင်ငံ MOU ထိုးရဦးမယ်။ ပြီးရင် သင်တန်းတွေ ပေးရမှာနဲ့ ဘာနဲ့ လာမယ့် ၂၀၂၄ ဖေဖေါ်ဝါရီ၊ မတ်လောက်မှ လွှတ်နိုင်မယ်လို့ထင်တယ်။ အရေအတွက်ဘယ်လောက်လွှတ်မလဲ ဆိုတာကလည်း ညှိနေဆဲပါပဲ " လို့ ပြောပါတယ်။
ကိုရီးယားနိုင်ငံမှာ ရာသီချိန်လုပ်သားအဖြစ် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား အစရှိတဲ့ နိုင်ငံတွေက လုပ်သားတွေက လုပ်ကိုင်နေကြပြီး မြန်မာနိုင်ငံကတော့ ရာသီချိန်လုပ်သားကို အခုမှ စေလွှတ်နိုင်ဖို့ စတင်ဆောင်ရွက်နေတာပါ။
ရာသီလုပ်သားတွေဟာ စိုက်ပျိုးရေးအလုပ်တွေကို တစ်နှစ်လျှင် ၈ လ လုပ် ၄ လ နားနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပြီး ကျွမ်းကျင်မှုအပေါ်မူတည်ပြီး တစ်လကို ကိုရီးယားဝမ် ၁၈ သိန်းခန့်ရရှိနိုင်မယ်လို့ သိရပါတယ်။