၂၀၂၃ ခုနှစ်အတွက် အသန့်ရှင်းဆုံး နိုင်ငံတွေ စာရင်းကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက ကမ္ဘာမှာ အောက်ဆုံးအဆင့် ၅ နိုင်ငံထဲပါဝင်နေသလို အာဆီယံနိုင်ငံတွေထဲမှာလည်း အောက်ဆုံးအဆင့်မှာ ရပ်တည်နေတယ်။
ဒီစာရင်းကိုတော့ ကမ္ဘာကျော် ယေးလ်တက္ကသိုလ်၊ ကိုလံဘီယာတက္ကသိုလ်နဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) တို့ကနေ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကို သုတေသနပြု ထုတ်ပြန်ထားတာဖြစ်ပြီး ကမ္ဘာ့အသန့်ရှင်းဆုံးနိုင်ငံအဖြစ် ဒိန်းမတ်နိုင်ငံက ရမှတ် ၇၇ ဒသမ ၉ မှတ်နဲ့ ရှိနေပြီး သူ့နောက်မှာတော့ ယူကေ၊ ဖင်လန်၊ မော်လတာနဲ့ ဆွီဒင်နိုင်ငံတွေက အသီးသီး ရပ်တည်နေတာပါ။
ဒီအဆင့်သတ်မှတ်ချက်တွေကိုတော့ ကမ္ဘာ့နိုင်ငံတွေရဲ့ ကဏ္ဍ ၁၁ ခုမှာ ဂေဟစနစ်တက်ကြွမှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်း ၄၀ ပေါ် မှာ အခြေပြု တွက်ချက်ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့အသန့်ရှင်းဆုံးနိုင်ငံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံကတော့ ရေဆိုးသန့်စင်မှုနဲ့ ထိရောက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးမူဝါဒတွေကို အကောင်းဆုံးပြသနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရမှတ်အလိုက် ကြည့်ရင် အာဆီယံနိုင်ငံတွေထဲမှာ စင်ကာပူနိုင်ငံက ရမှတ် ၅၀ ဒသမ ၉ မှတ်နဲ့ ဒေသတွင်း အသန့်ရှင်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး သူ့နောက်မှာတော့ ဘရူနိုင်း၊ ထိုင်း၊ တီမောနဲ့ မလေးရှားနိုင်ငံတွေ ရှိနေပြီး မြန်မာကတော့ ရမှတ် ၁၉ ဒသမ ၄ မှတ်နဲ့ အောက်ဆုံးအဆင့်မှာ ရှိနေပါတယ်။
မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံကတော့ ကမ္ဘာ့အသန့်ရှင်းဆုံးနိုင်ငံတွေစာရင်းမှာ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ မြန်မာတို့ရဲ့နောက် အောက်ဆုံးအဆင့်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။