အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ လုံလောက်တဲ့ခြေစွမ်းရှိနေပြီလို့ အသင်းနောက်ခံလူဟောင်း လော့ရန့်က ပြောပါတယ်။
လော့ရန့်ဟာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၇ ခုနှစ်အထိ အာဆင်နယ်မှာ ကစားခဲ့ပြီး ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တဲ့ရာသီက အဓိကနောက်ခံကစားသမားတစ်ဦး ဖြစ်ပါတယ်။
ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း လက်ရှိအာဆင်နယ်အသင်းရဲ့ကစားပုံက အကောင်းဆုံးဖြစ်ပြီး ချန်ပီယံဆုကို မျှော်လင့်နိုင်ဆုံး အသင်းတစ်သင်းဖြစ်လာပြီလို့ လော့ရန့်က ပြောပါတယ်။
လော့ရန့်က “ကျနော်တို့ အသင်းက မနှစ်ကရာသီမှာ ချန်ပီယံဖြစ်ဖို့ အလွန်နီးစပ်ခဲ့ပြီး ဒီရာသီမှာတော့ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်နေပြီလို့ထင်ပါတယ်”လို့ ပြောပါတယ်။
ချန်ပီယံလောင်းအသင်းတစ်သင်း အနေနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး ဘယ်လို အခြေအနေမှာမဆို တည်တည်ငြိမ်ငြိမ်နဲ့ ကစားတတ်ဖို့လိုအပ်ကြောင်းလည်း လော့ရန့်က ပြောပါတယ်။
နည်းပြအာတီတာရဲ့ ဦးဆောင်မှုနဲ့ အိုဒီဂတ်ကို ခြေစွမ်းတိုးတက်လာအောင် လုပ်ဆောင်ပေးခဲ့တာကိုလည်း လော့ရန့်က ချီးကျူးသွားပါတယ်။
Photo-Reuters