နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် ကင်းသာရွာ ကင်းသာ ၂ ရဲဘက်စခန်းမှ ထွက်ပြေးသွားတဲ့ အကျဥ်းသား ၇ ဦးထဲမှ ၄ ဦးကို ပြန်လည်ဖမ်းဆီးရမိတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကင်းသာ ၂ ရဲဘက်စခန်းမှာ အောက်တိုဘာ ၁၇ ရက်က ထွက်ပြေးသွားတဲ့ အကျဥ်းသား ၇ ဦးထဲက ၄ ဦးကို တပ်ကုန်းမြို့နယ် သစ်ဆိမ့်ပင်မြောက်ရွာမှာ အောက်တိုဘာ ၂၀ ရက်က ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"တောင်ပို့သာနယ်မြေရဲစခန်းအပိုင်ထဲမှာမိတာ၊ ၃ ဦးက မမိသေးဘူး၊ မိတဲ့သူတွေကို တပ်ကုန်းမြို့မရဲစခန်းမှာ ချုပ်ထားတယ်။"
ပြန်လည်ဖမ်းဆီးရမိသူ ၄ ဦးမှာ ပုဒ်မ ၁၆ (ဂ) အမှုမှ ရဲမင်းဦး၊ ပုဒ်မ ၃၇၉ အမှုမှ ကလိ(ခ)အောင်ဆန်းဦး၊ ပုဒ်မ ၃၀၂ (၂) အမှုမှ ကျော်ကျော်သက်၊ ပုဒ်မ ၃၆၃/၃၇၆ အမှုမှ နေထက်အောင်တို့ ဖြစ်တယ်လို့ အကျဥ်းဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ထွက်ပြေးတဲ့သူ ၇ ယောက်လုံးက ပြစ်ဒဏ်ချပြီးသားတွေ။ အခုမိတဲ့သူတွေက ထောင်ဒဏ် ၄ နှစ်ကနေ ၁၀ နှစ် အမိန့်ချပြီးသားလူတွေ။"
လွတ်မြောက်နေသူ ၃ ဦးမှာ ပုဒ်မ ၃၀၂ (၂) အမှုမှ နိုင်လင်း၊ ပုဒ်မ ၃၀၂ (၂) အမှုမှ သန်းထိုက်အောင် နဲ့ ပုဒ်မ ၄၃ (က) အမှုမှ အောင်နိုင်စိုးတို့ဖြစ်တယ်လို့ အကျဥ်းဦးစီးဌာနက သိရပါတယ်။
အဆိုပါ အကျဥ်းသား ၇ ဦးကို ပြီးခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်းက ဒဏ္ခိဏခရိုင်တရားရုံး၊ ရမည်းသင်းတရားရုံး၊ မိတ္တီလာမြို့နယ်တရားရုံး၊ ပြင်ဦးလွင်ခရိုင်တရားရုံး နဲ့ ဥတ္တရသီရိမြို့နယ်တရားရုံးတွေက ထောင်ဒဏ် ၄ နှစ်မှ ၁၀ နှစ်အထိ အမိန့်ချခဲ့တာဖြစ်ပါတယ်။