ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်က YBS ဘတ်စ်ကားတွေကို တားပြီး ကားပေါ်အထိ တက်ရောက်စစ်ဆေးနေတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ ခရီးသွားတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်၊ ရဲနဲ့ ယာဥ်ထိန်းရဲတွေက YBS ကားတွေကိုပါ ပစ်မှတ်ထားရပ်ခိုင်းပြီး စစ်ဆေးတာတွေ မကြာခဏတွေ့လာရတာလို့ ဆိုပါတယ်။
ကိုယ်တိုင်ကြုံရသူခရီးသွားတဦးက "မနေ့ကညနေပိုင်း အရှေ့မြင်းပြိုင်ကွင်းလမ်းက လမ်းဆုံမှတ်တိုင်နားမှာ စီးလာတဲ့ YBS ကား ကိုရပ်ခိုင်းတယ်။ သူတို့အင်အားက ၁၅ ယောက် လောက်ရှိတယ်။ ယာဥ်မောင်းကို နောက်တံခါးဖွင့်ခိုင်းပြီး စစ်သားနှစ်ကောင်က ကားပေါ်တက်ပြီး ဟိုကြည့်ဒီကြည့် လိုက်ကြည့်တယ်။ လူရှာတာလားဘာသဘောလဲတော့မသိဘူး"လို့ ပြောပါတယ်။
အလားတူ စစ်ဆေးမှုတွေကို ဒီရက်ပိုင်းအတွင်း မကြာခဏတွေ့ရပြီး မသင်္ကာသူကို ကားပေါ်ကနေ ဆင်းခိုင်းကာ သီးခြားခေါ် ယူစစ်ဆေးတာတွေလည်း ရှိတယ်လို့ YBS ယာဥ်မောင်းတဦးက ပြောပါတယ်။
"ခါတိုင်း အိမ်စီးကားတို့ တက္ကစီတို့ လောက်စစ်တာ၊ အခုက ခရီးသည်တင်ကားတွေ ပါစစ်လာတာ။”
စစ်ကောင်စီတပ်အနေနဲ့ ရန်ကုန်မြို့က နေရာတချို့မှာ လူငယ်တွေကို ပစ်မှတ်ထားပြီး ရှောင်တခင်စစ်ဆေးတာတွေ မကြာခဏလုပ်လေ့ရှိပြီး ငွေညှစ်တာတွေလည်း ရှိတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။
ဒါကြောင့် အပြင်သွားလာရာမှာ ဖုန်းထဲက အချက်အလက်တွေကို ရှင်းပြီးမှသွားလာဖို့နဲ့ စစ်ဆေးတဲ့နေရာတွေကို လေ့လာပြီးရှောင်သွားကြဖို့ မြို့ပြတော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။