စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်ကျခံရပြီး လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာတဲ့ ဒေသခံအမျိုးသား တယောက်ကို စစ်ကောင်စီက ၃ ရက်အကြာမှာ ပြန်လည်ဖမ်းဆီးလိုက်ပါတယ်။
ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်မှုနဲ့ဖမ်းဆီးခံရတဲ့ ဒေသခံ ကိုကျော်စိုးထွေးဟာ အောက်တိုဘာ ၁၆ ရက်က ကလေးအကျဉ်းထောင်ကနေ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာခဲ့တာပါ။
အောက်တိုဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ သူ့ကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးသွားတယ်လို့ သူနဲ့ နီးစပ်တဲ့ ကလေးမြို့ခံတယောက်က ပြောပါတယ်။
"ကိုကျော်စိုးထွေးက လွတ်ရက်စေ့ပြီး ပြန်လွတ်လာတာပါ။ သူကဖုန်းပြင်ဆိုင်ဖွင့်ထားတယ်။ ဘာလို့ ပြန်ဖမ်းသွားလဲဆိုတာသေချာမသိဘူး။ မနှစ်ကတော့ လင်မယား နှစ်ယောက်လုံးဖမ်းခံရတာ။ သူ့မိန်းမကတော့ ပြန်လွတ်ခဲ့ပြီး Non-CDM ပြန်လုပ်နေရတယ်။"
၂၀၂၂ ခုနှစ် ဧပြီ ၂၆ ရက်နေ့က ကိုကျော်စိုးထွေးနဲ့ သူရဲ့ ဇနီးဖြစ်သူ ကွန်ပျူတာတက္ကသိုလ် CDM ဆရာမ ဒေါ်အေးအောင်တို့ကို ဆန္ဒပြပွဲမှာပါဝင်မှုနဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာပါ။
အဲ့ဒီနောက် မေလအတွင်းမှာတော့ စစ်ကောင်စီက ကိုကျော်စိုးထွေးကို ပုဒ်မ၅၀၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။
စစ်ကောင်စီက ကိုကျော်စိုးထွေးကို ဘာကြောင့်ပြန်လည် ဖမ်းဆီးသွားတယ်ဆိုတာနဲ့ပတ်သက်ပြီး မသိရသေးပါဘူး။
စက်တင်ဘာ ၂၅ ရက်ကလည်း ကလေးမြို့ ပင်မသပိတ်အင်အားစုအဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်တွေနဲ့ ထပ်တိုးထောင်ဒဏ် ၁၀ နှစ်စီချမှတ်ပြီး ထောင်ဒဏ်စုစုပေါင်း ၁၂ စီ ချမှတ်ခဲ့ပါတယ်။