ချင်းပြည်နယ်၊ မတူပီမြို့မှာ ဆိုလာတပ်ဆင်ထားပြီး အိမ်ရှေ့မီးမထွန်းရင် ဆိုလာသိမ်းယူမယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တဆင့် စစ်ကောင်စီက ခြိမ်းခြောက်နေပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အခု အောက်တိုဘာလဆန်းပိုင်းမှာ စစ်ကောင်စီက ခေါ်ယူ အကြောင်းကြားခဲ့တာဖြစ်ပြီး သူတို့ကတဆင့် မြို့နေပြည်သူတွေကို ပြောဆို သတိပေးလာတာလို့ သိရပါတယ်။
စစ်တပ်က ပုဒ်မ ၁၄၄ ထုတ်ထားပြီး ညမထွက်ရတဲ့ မတူပီမြို့မှာ မိုခါမုန်တိုင်း ပြီးကတည်းက လျှပ်စစ်မီးဖြတ်တောက်ခဲ့ပြီး အခုအချိန်ထိ လျှပ်စစ်မီး ပြန်မရ သေးတာကြောင့် ပြည်သူတွေဟာ ဆိုလာကို အသုံးပြုနေရတာပါ။
မတူပီမြို့ခံ အမျိုးသမီး တယောက်က “မီးမလာတာလည်းကြာပါပြီ။ ရေဆိုလည်း အဝေးကြီးသွားခပ်ရတယ်။ မိုးကရွာတော့ ဆိုလာကလည်း အားမရှိပါဘူး။ ကလေးတွေ စာကျက်တဲ့အချိန်လောက်ပဲ မီးထွန်းတယ်။ ဖြုတ်သိမ်းမယ်ဆိုတော့လည်း မတတ်နိုင်ဘူးလေ” လို့ ပြောပါတယ်။
မတူပီမှာ မြို့ပေါ်ရပ်ကွက် ၄ ခုရှိပြီး စစ်တပ်ကို မထောက်ခံသူတွေ ပြောင်းရွှေ့ ကုန်တာကြောင့် စစ်တပ်ထောက်ခံသူတွေနဲ့ ပြောင်းစရာနေရာမရှိသူတွေပဲ ကျန်နေခဲ့တာ ဖြစ်ပြီး အရင်မြို့နေလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ပဲ နေထိုင်တော့တယ်လို့ သိရပါတယ်။
မတူပီမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက မိုးရွာသွန်းတာများပြီး ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မတူပီ-ဟားခါးလမ်း ပျက်စီးခဲ့တာကြောင့် ကုန်စျေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။