ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဂါဇာကမ်းမြောင်နဲ့ နီးကပ်နေတဲ့ အီဂျစ်နယ်စပ်ဂိတ်နေရာကို အောက်တိုဘာ ၂၀ ရက်က သွားရောက်ခဲ့ပြီး ဝိုင်းရံ ပိတ်ဆို့ခံထားရတဲ့ နယ်မြေထဲကို အကူအညီပေးရေး ပစ္စည်းတွေကို သွားရောက် ပို့ဆောင်ကြမယ့် ထရပ်ကားတွေကို ဂါဇာရဲ့အသက်ကြိုးမျှင်အဖြစ် အလေးအနက် ပန်ကြား တောင်းဆိုခဲ့ပါတယ်။
“ဒီထရပ်ကားတွေဟာ ထရပ်ကား သက်သက် မဟုတ်ပါဘူး၊ သူတို့ဟာ အသက်သွေးကြောတခုပါ၊ ဂါဇာမှာရှိတဲ့ လူအတော်များများရဲ့ အသက်နဲ့ သေခြင်းကြားက ကွာခြားချက်ပါပဲ” လို့ ဂူတားရက်စ် က ပြောပါတယ်။
ကယ်ဆယ်ရေးကား အစီး ၂၀၀ ကျော် စောင့်ဆိုင်းနေပြီး နောက်ထပ် ကယ်ဆယ်ရေးပစ္စည်းတွေ ကိုလည်း သိုလှောင်ထားတဲ့ ဆိုင်းနိုင်းကျွန်းဆွယ်ရှိ ရာဖှာ နယ်စပ်ဂိတ်မှာ ရောက်ရှိနေတဲ့ ဂူတာရက်စ်က လိုအပ်နေသူတွေဆီ အစားအစာ၊ ရေ၊ ဆေးဝါးနဲ့ လောင်စာတွေ ပေးပို့ရာမှာ နှောင့်နှေးနေမှုကို ကြေကွဲစရာ အဖြစ် ဖော်ပြခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေရဲ့ လူအသေအပျောက်များတဲ့ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကမ်းမြောင်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် မကြာခင်မှာပဲ ရာဖှာ နယ်စပ်ဂိတ်ကို ပိတ်ထားဆဲဖြစ်ပြီး အကူအညီတွေပေးအပ်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ငြင်းခုံနေကြတာကြောင့် ခုထိ ပြန်မဖွင့်ရသေးပါဘူး။
အနောက်နိုင်ငံတွေက နိုင်ငံခြားပတ်စ်ပို့ ကိုင်ဆောင်သူတွေကို ဂါဇာကနေ ရွှေ့ပြောင်းဖို့ တွန်းအားပေးနေချိန်မှာပဲ အစ္စရေးကလည်း အကူအညီတွေကို စစ်ဆေးရမယ့် လုပ်ငန်းစဉ်တရပ်ကို တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဗုဒ္ဓဟူးနေ့က အစ္စရေးနိုင်ငံ ခရီးစဉ်အပြီးမှာ ဘိုင်ဒန်က အကူအညီပေးရေး ထရပ်ကားအစီး ၂၀ ရာဖှာဂိတ်ကို ဖြတ်ကျော်ဖို့ သဘောတူညီမှု ရခဲ့တယ်လို့ ပြောပါတယ်။
ပထမအသုတ် ထရပ်ကားတွေဟာ နောက် ၄၈ နာရီအတွင်းဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ကြောင်း ဘိုင်ဒန်က သောကြာနေ့မှာ ပြောကြားပါတယ်။
အကန့်အသတ်နဲ့သာ ပေးပို့ရမယ့် ဒီအကူအညီတွေကိုလည်း ဟားမတ်စ်တွေလက်ထဲ ရောက်ရှိ သွားခြင်း မဖြစ်ရအောင် သေချာစောင့်ကြည့်ရမယ် ဆိုတဲ့ ကတိကဝတ်တွေလည်း ရှိထားကြောင်း ဘိုင်ဒန်က ပြောထားပါတယ်။
Source/Photo-Reuters