ဟားမတ်စ်လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက အမေရိကန်သားအမိ ၂ ယောက်ကို အောက်တိုဘာ ၂၀ ရက်မှာ ပထမဆုံး ပြန်လွှတ်ပေးလိုက်ပြီး ချီကာဂိုဒေသခံတွေ ဖြစ်ကြတဲ့ ဂျူးဒစ်သ် တိုင်း ရာနန် နဲ့ သူ့သမီး နာတာလီ ရှိုရှာနာ ရာနန် တို့ဟာ အခုတော့ မိသားစုနဲ့ ပြန်ဆုံတွေ့ကြဖို့ အစ္စရေးနိုင်ငံအလယ်ပိုင်းရှိ စစ်အခြေစိုက်စခန်းတခုကို သွားနေပြီ လို့ အစ္စရေးကပြောဆိုခဲ့ပါတယ်။
ရာနန် သားအမိ ၂ ယောက်ဟာ ကာဘတ်စ် အသိုင်းအဝိုင်း နာဟဲလ်အော့ဇ် ကျေးရွာမှာ တည်းခိုနေတုန်း ဟားမတ်စ်တွေက ပြန်ပေးဆွဲသွားတာ ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမျိုးသမီး ၂ ဦးကို ပြန်လွှတ်ပေးရေးအတွက် ကာတာနဲ့ အစ္စရေးတို့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်နီးပါးက ဟားမတ်စ် သေနတ်သမားတွေက အစ္စရေးကို နယ်စပ်ကျော်ဖြတ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အများစု အရပ်သားတွေ အပါအဝင် လူ ၁၄၀၀ သေဆုံးကာ ဓားစာခံ ၂၀၀ လောက်ကို ဖမ်းဆီးသွားခဲ့ပြီးနောက်မှာ ရာနန် သားအမိဟာ ပထမဆုံး ပြန်လွတ် မြောက်လာတဲ့ ဓားစာခံတွေ ဖြစ်ပါတယ်။
သူတို့ပြန်လွတ်မြောက်လာလို့ အစ္စရေးပြည်သူတွေက အရမ်းဝမ်းသာနေကြတာပါ။ ဒီသားအမိ ၂ ယောက်ဟာ အစ္စရေး-အမေရိကန် ၂ နိုင်ငံသား ခံယူထားသူတွေဖြစ်ကြောင်း အစ္စရေးရဲ့ ကန်-ပြည်သူ့အသံလွှင့်ဌာနက ဖော်ပြပါတယ်။
ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူ အူဘိုက်ဒါ က ဓားစာခံတွေကို ပြန်လွှတ်ပေးလိုက်ပြီလို့ ပြောကြားခဲ့ပြီး ဒါဟာ ကာတာရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်တွေနဲ့ ဖျန်ဖြေရေး ကြိုးပမ်းမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ရော၊ ဘိုင်ဒန်နဲ့ သူ့ရဲ့ ဖက်ဆစ်အစိုးရတို့က မှားယွင်းပြီး အခြေအမြစ်မရှိတဲ့ ပြောဆိုချက်တွေကို အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာကို သက်သေပြ လိုက်တာ ဖြစ်ကြောင်း ပြောဆိုပါတယ်။
အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်တို့ တိုက်ခိုက်ပြီးနောက် စာရင်းထဲ မပါဝင်သေးတဲ့ အမေရိကန် ၁၀ ဦး ကျန်နေပါသေးတယ်။
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးကတော့ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ ရက်အတော်ကြာ စဉ်ဆက်မပြတ် ဆက်သွယ်ပြောဆိုခဲ့ရကြောင်းနဲ့ ဓားစာခံတွေ လွတ်မြောက်ရေး အတွက် ဆွေးနွေးပွဲတွေကို ဆက်ပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပြန်လွတ်လာတဲ့ ဓားစာခံတွေကို ဂါဇာကမ်းမြောင်ကနေ အစ္စရေးကို ပို့ဆောင်ရာမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
Source/Photo-Reuters