စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အဆောက်အဦဌာနနဲ့ လမ်းဦးစီးဌာနတွေမှာ တာဝန်ယူနေတဲ့ လုပ်ငန်းတွေ အရှုံးပေါ်နေတာကြောင့် ဦးစီးအရာရှိတွေနဲ့ အင်ဂျင်နီယာတွေ လျော်ပေးရတယ်လို့ ပဲခူတိုင်းက ဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်မှာ အဆောက်အဦးဌာန အထူးအဖွဲ့ ၂ က တာဝန်ယူဆောက်လုပ်တဲ့ ဆေးရုံသုံး ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းတွေ စွန့်ပစ်ရေးကွန်ကရစ်သိုလှောင်ကန်မှာ အရှုံးပေါ်နေတာလို့ အမည်မဖော်လိုသူ ဦးစီးအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
"အဲ့မှာတာဝန်ယူနေတဲ့ ဦးစီးအရာရှိက ညွှန်ချုပ်ကို စာပို့လိုက်တာ။ ညွှန်ချုပ်က ဝန်ထမ်းတွေနဲ့အင်ဂျင်နီယာတွေကို စိုက်လျှော်ရမယ်ဆိုပြီး ပြောတယ်။”
ဒဂုံဆိပ်ကမ်းမြို့နယ် ဆေးရုံသုံး ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းတွေ စွန့်ပစ်ရေး ကွန်ကရစ် သိုလှောင်ကန်ကို ဦးဆောင်သူမှာ အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၂)၊ ဦးစီးအရာရှိဒေါ်တင်မိုးအေးဖြစ်ပြီး ဝန်ကြီးဦးမျိုးသန့်၊ ညွှန်ချုပ် ဦးမျိုးမြင့် တို့နဲ့ ရင်းနှီးသူဖြစ်တယ်လို့ အင်ဂျင်နီယာတဦးက ဒီဗွီဘီကို ပြောပါတယ်။
"တင်ဒါပေးတော့ ညွှန်ချုပ်က သူလူသူပေးတာ၊ အရှုံးပေါ်တော့ အကုန်လုံးစိုက်ခိုင်းတယ်။ ငွေကမနည်းဘူး၊ သိန်း ၂၃၀၀ ကျော်တယ်။ အဲ့လုပ်ငန်းကိုရတာ ဦးစီးအရာရှိ ဒေါ်တင်မိုးအေး သူက ညွှန်ချုပ်ဦးမျိုးမြင့်နဲ့လည်း၊ ဝန်ကြီးနဲ့လည်းပိုင်နေတော့ အခြားလူတွေက စိုက်ပေးရတာ။"
ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ဝန်ကြီးဦးမျိုးသန့်နဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အပါအဝင် ညွှန်ကြားရေးမှူးချုပ်တွေနဲ့ ပိုင်တဲ့ ဦးစီးအရာရှိတွေသာ တင်ဒါရရှိပြီး လုပ်ငန်းများအရှုံးပေါ်ပါက သက်ဆိုင်ရာမြို့နယ် ဦးစီးအရာရှိ နဲ့ အင်ဂျင်နီယာတွေက စိုက်ပေးရတယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်ကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနဲ့ တံတားဦးစီးဌာနက တာဝန်ယူဆောက်လုပ်ထားတဲ့ လမ်းတံတားတခု မိုးရေတိုက်စားမှုကြောင့် ပျက်စီးခဲ့တာလည်း ရှိပါတယ်။