အမေရိကန်စစ်တပ်ဟာ မြောက်ကိုရီးယားကို ထွက်ပြေးခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုကို ပြန်လွှဲပြောင်းပေးခဲ့တဲ့ တပ်သား ထရားဗစ်စ် ကင်းင်ကို အောက်တိုဘာ ၁၉ ရက်မှာ တပ်ပြေးမှုနဲ့ တရားစွဲထားကြောင်း ရိုက်တာကရရှိထားတဲ့ တရားရုံး စာရွက်စာတမ်းတခုအရ သိရပါတယ်။
ထရားဗစ်စ် ကင်းင်ကို စစ်တပ်က စွဲဆိုထားတဲ့အမှုမှာ စစ်ဘက် တရားမျှတမှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ထင်ရှားတဲ့ စွဲချက် ၈ ခု ပါဝင်ပြီး စက်တင်ဘာလမှာ မြောက်ကိုရီးယား အချုပ်အနှောင်ကနေ လွတ်မြောက်လာပြီးနောက်မှာ အသက် ၂၃ နှစ်အရွယ် စစ်သား ထရားဗစ်စ် ကင်းင်အတွက် ကြီးမားတဲ့ တရားရေးတိုက်ပွဲကို လုပ်ဆောင်လိုက်တာပါ။
မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို စစ်တပ်က ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။ မိသားစုပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ကင်းင်ရဲ့မိခင် ကလောက်ဒီးန် ဂိတ်စ်က သူ့သားအပေါ် ခြွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာကို ပြသခဲ့ပြီး သူ့သားကို “အပြစ်ကင်းကြောင်း ယူဆလို့ ရနိုင်ပါစေ” လို့ တောင်းဆိုခဲ့တယ်။
အမေရိကန်စစ်သား ထရားဗစ်စ်ကင်းဟာ ဇူလိုင် ၁၈ ရက်က ကိုရီးယား ၂ နိုင်ငံကြား အစောင့်ထူထပ် ခိုင်ခံ့တဲ့ နယ်စပ်ရှိ ပူးတွဲလုံခြုံရေးနယ်မြေရဲ့ အရပ်ဘက်ခရီး လှည့်လည်ချိန်မှာ မြောက်ကိုရီးယားထဲကို ထွက်ပြေးသွားခဲ့တာပါ။
မြောက်ကိုရီးယားမှာ ထိန်းသိမ်းခံထားရတဲ့ ကင်းင်ကို ပြန်လွတ်လာစေဖို့ ဆွီဒင်အစိုးရ ဦးဆောင်ပြီး သီတင်းပတ်ချီ စေ့စပ်ညှိနှိုင်းမှုတွေကို နောက်ကွယ်မှာ ပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာလမှာတော့ ၂ လကြာ ချုပ်နှောင်ခံခဲ့ရတဲ့ ထရားဗစ်စ် ကင်းင်ဟာ မြောက်ကိုရီးယားကနေ ပြန်လွတ်မြောက်လာခဲ့ပါတယ်။
အဲဒီနောက် သူ့ကို နယ်စပ်ဖြတ်ကျော်ကာ တရုတ်နိုင်ငံကို ပို့ဆောင်ခဲ့ပြီး အမေရိကန် သံအမတ်ကြီးဆီ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters