ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့မှာ လုပ်ငန်းခွင်အတွင်း ကားမှောက်သေဆုံးခဲ့တဲ့ မြန်မာလုပ်သား မောင်ဇော်လင်းထက်အတွက် နစ်နာကြေး ထိုင်းဘတ်ငွေ ၁ သန်းကျော်ပေးအပ်ခဲ့တယ်လို့ အောက်တိုဘာ ၁၉ ရက်နေ့မှာ မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ပါတယ်။
မောင်ဇော်လင်းထက်ဟာ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ကနေ ထိုင်းနိုင်ငံ၊ ချောင်ဘူရီမြို့မှာရှိတဲ့ Evergrowing Resources Recycling(Thailand)Co.,LTD မှာ လာရောက်အလုပ်လုပ်နေတာဖြစ်ပြီး ၂၀၂၂ မေ ၅ ရက်နေ့မှာ လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား တိမ်းမှောက်ပြီး သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ မောင်ဇော်လင်းထက်အတွက် နစ်နာကြေးရရှိဖို့ အလုပ်သမားသံအရာရှိတွေက ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၄ ရက်နဲ့ ၁၂ ရက်မှာ ချာချင်ဆောင်လူမှုဖူလုံရေးရုံးက နှစ်ကြိမ်ခွဲပြီး ထိုင်းဘတ်ငွေ ၁၀၁၇၂၄၄ ဒသမ ၂၂ ပေးဆောင်ခဲ့ပါတယ်။
မောင်ဇော်လင်းထက်အတွက် ရရှိခဲ့တဲ့ နစ်နာကြေး ဘတ် ၁ သန်းကျော်ကို အောက်တိုဘာ ၁၉ ရက်မှာ အလုပ်သံအရာရှိတွေက မိခင်ဖြစ်တဲ့ ဒေါ်ခင်ပြုံးကိုပေးဆောင်ခဲ့တယ်လို့ မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၈ ရက်ကလည်း ဆီတင်သင်္ဘောဂဟေဆော်ရာမှ ပေါက်ကွဲမှုဖြစ်ပြီးသေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား ၇ ဦးထဲက နစ်နာကြေးပေးဖို့ ကျန်နေတဲ့ မြန်မာလုပ်သား ၃ ဦးအတွက် မြန်မာအလုပ်သမားသံရုံးက ကူညီလုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo.အလုပ်သမားသံအရာရှိရုံး Myanmar Labour Attache Office