မြန်မာမှာ မျိုးစိတ်ပေါင်း ၉၀ ကျော်ရှိတဲ့ ကြွေပန်းမျိုးစိတ်ထဲက ကရင်ပြည်နယ်မှာသာ တွေ့နိုင်တဲ့ ကရင်ကြွေပန်းမျိုးစိတ်ကို မြန်မာနိုင်ငံတဝန်းရှိ ဇီဝမျိုးကွဲစုံတွေကို ကွင်းဆင်းလေ့လာ မှတ်တမ်းတင်တဲ့အဖွဲ့ Native Species Conservation Identification (NSCI) က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ကရင်ကြွေပန်းမျိုးစိတ်ကို ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်တောင်နဲ့ ရသေ့ပျံဂူတို့မှာ မှတ်တမ်းယူနိုင်ခဲ့ပြီး ဒွိနာမသိပ္ပံအမည်မှာ “kayinensis” ဖြစ်ကာ နာမည်အပြည့်စုံမှာ “Begonia kayinensis” ဖြစ်ပါတယ်။
မြန်မာအမည် “ကရင်ကြွေပန်း” ကိုပါ စာတမ်းထဲမှာ ထည့်သွင်းဖော်ပြခဲ့ပြီး စာတမ်းကို ဦးဆောင်ရေးခဲ့တဲ့ မမြဘုန်းမော် အပါအဝင် ကိုခန့်ဇော်ဟိန်း၊ ကိုမင်းခန့်နိုင် စတဲ့ မြန်မာလူမျိုး ရေးသားသူတွေမှာ NSCI ရဲ့ ဦးဆောင်သူတွေ ဖြစ်ပါတယ်။
ကရင်ကြွေပန်းရဲ့ ထူးခြားချက်မှာ ပင်စည်ရဲ့ထိပ်ကနေ ပန်းခိုင်ထွက်တဲ့ အပင်သရုပ်ရှိပြီး အပင်က သူ့သဘာဝပတ်ဝန်းကျင်ကို လိုက်ကာ အရောင်ပြောင်းတတ်တဲ့သဘာဝ ရှိပါတယ်။ အဲ့လို အရောင်ပြောင်းတာက သူ့ကိုယ်သူ (ကရင်ကြွေပန်း) အန္တရာယ်ဖြစ်စေတဲ့အရာကနေ ကာကွယ်တာလို့ ယူဆလို့ရပါတယ်။
ကရင်ကြွေပန်းဟာ ဇူလိုင်လကနေ သြဂုတ်လမှာ ပန်းပွင့်ပြီး သြဂုတ်ကနေ နိုဝင်ဘာလထိ အသီးသီးပါတယ်။ တရာသီခံ အပင်အမျိုးအစား ဖြစ်ပါတယ်။ မိုးကာလမှာ သဘာဝအတိုင်း တောင်စောင်းတွေမှာ ပေါက်ရောက်တဲ့အတွက် မှတ်တမ်းယူရာမှာ အခက်အခဲကြားက ယူခဲ့ရပါတယ်။
ဓာတ်ပုံမှတ်တမ်းယူခဲ့တဲ့ NSCI အဖွဲ့ဝင် ကိုမင်းခန့်နိုင်က “မြို့ခံမဟုတ်တော့ သွားလာရတာ ခက်ခဲပါတယ်။ မှတ်တမ်းယူဖို့ ဆယ်ခါလောက် ခြေကျင်ခရီးသွားရတယ်။ မိုးတအားရွာတဲ့ အချိန်မှာလည်း တောင်စောင်းတွေကို တက်ရတဲ့အတွက် တောင်စောင်းကျောက်တုံးပေါ်က ပြုတ်ကျခဲ့တာ မှတ်မှတ်ရရပါပဲ။ ဒေသခံ အစ်ကို အမတွေ ကူညီမှုကြောင့် အဆင်ပြေခဲ့ရတာပါ” လို့ ပြောပါတယ်။
ကရင်ကြွေပန်းဟာ ကျောက်ဆောင်ရဲ့အရောင်ကိုလိုက်ပြီး သူ့ရဲ့အရွက်၊ အရောင်ပြောင်းလဲတာ တွေ့ရပါတယ်။ တချို့က ကျောက်ဆောင်လိုအရောင်၊ တချို့က အစိမ်းရောင်ပြေးနဲ့ တချို့အပင်တွေက နီညိုရောင်ဆိုပြီး ကွဲပြားတာ တွေ့ရပါတယ်။ ပတ်ဝန်းကျင်လိုက်ပြီး ကွဲပြားသွားတာကလည်း ကရင်ကြွေပန်းရဲ့ နောက်ထပ်ထူးခြားချက် ဖြစ်ပါတယ်။
ကြွေပန်းမျိုးစိတ်ဟာ ကမ္ဘာပေါ်မှာ အခုလက်ရှိအချိန်ထိ မှတ်တမ်းတင်ထားတာ ၂,၀၀၀ ကျော်လောက်ရှိပြီး အာရှတိုက်မှာကတော့ မျိုးစိတ်ပေါင်း ၁,၀၀၀ ကျော်ခန့် ရှိပါတယ်။ တကမ္ဘာလုံး မျိုးစိတ် ၂,၀၀၀ ကျော်ထဲမှာမှ ပင်စည်ထိပ်ကနေ ပန်းခိုင်ထွက်တဲ့ အပင်သရုပ်ရှိတဲ့ ကြွေပန်းမျိုးစိတ်ဟာ ကရင်ကြွေပန်းမျိုးစိတ် အပါအဝင်နဲ့မှ ၅ မျိုးသာ ရှိပါသေးတယ်။
ကရင်ကြွေပန်းကို ၂၀၁၉ ခုနှစ် ဇူလိုင်လလောက်မှာစပြီး ကရင်ပြည်နယ်ဘက်က မှတ်တမ်းဓာတ်ပုံတွေတချို့ကတဆင့် သိခဲ့တယ်လို့ မှတ်တမ်းဦးဆောင်ရေးသူ မမြဘုန်းမော်က ဆိုထားပါတယ်။
မမြဘုန်းမော်က “အဲ့အချိန်တုန်းက ဒီမျိုးစိတ်ဟာ မျိုးစိတ်သစ် ဖြစ်နိုင်တယ်။ သူ့ရဲ့ ထူးခြားတဲ့ အပင်သရုပ်က ကျမကို စိတ်ဝင်စားစေတယ်။ ဒါပေမဲ့ ၂၀၁၉ နောက်ပိုင်းမှာ လိုအပ်တဲ့ ဒီမျိုးစိတ်ရဲ့ အစိတ်အပိုင်း (အရွက်၊ ရိုးတံ၊ ပင်စည်) တွေ အကုန်ကြည့်ဖို့လိုတယ်။ ကြည့်လိုက်တာနဲ့ မျိုးစိတ်အသစ်ဆိုပြီး ကိုယ့်အထင်နဲ့ ပြောလိုက်လို့ မရပါဘူး။ သက်သေပြဖို့ အချက်အလက်တွေလိုပြီး စုဆောင်းဖို့ မဖြစ်နိုင်ခဲ့တဲ့အတွက် ရပ်တန့်ခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာ လုပ်ဖို့ စီစဥ်ဖြစ်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ဇီဝမျိုးကွဲတွေကို လေ့လာတဲ့အခါမှာ အရေးကြီးတဲ့အချက် ၂ ချက် ရှိပါတယ်။ ကွင်းဆင်းလေ့လာခြင်းနဲ့ စာရင်းပြုစု မှတ်တမ်းတင်ထားရှိခြင်း ဖြစ်ပါတယ်။ ကွင်းဆင်းလေ့လာခြင်းကို မလုပ်နိုင်ဘူးဆိုပါက စာရင်းပြုစု မှတ်တမ်းတင်ထားခြင်းဆိုတဲ့ နိုင်ငံတကာစာတမ်း၊ စာမူ၊ သတင်းတွေ ထွက်လာနိုင်ခြင်းမရှိပါ။
အဲ့ဒီအချက်တွေကြောင့် ကရင်ကြွေပန်းမျိုးစိတ်ကို ၂၀၁၉ မှာ အပင်မျိုးစိတ်အသစ်အဖြစ် သိရှိခဲ့ပေမဲ့ သူတို့မှာ လုံလောက်တဲ့ အချက်အလက် မရှိတဲ့အတွက် မလုပ်ခဲ့ရဘူးလို့ မမြဘုန်းမော်ဆီက သိရှိရပါတယ်။
အပင်မျိုးစိတ်တွေကို နာမည်ပေးတဲ့အခါမှာလည်း လိုက်နာရမယ့် စည်းကမ်းတွေ ရှိပါတယ်။ အဲ့ဒီစည်းကမ်းတွေထဲက တခုက အပင်တွေ့ရှိရာဒေသကို အစွဲပြုတဲ့ အမည်ပေးခြင်းကို အသုံးပြုပြီး ပေးတာဖြစ်ပါတယ်။
မျိုးစိတ်ကို ပထမတွေ့ရှိသူ၊ ပထမဆုံး ဖော်ပြတဲ့သူက အမည်ပေးခွင့်ရှိကာ ကရင်ပြည်နယ်မှာ ပထမဆုံး စတွေ့ရှိတာဖြစ်ပြီး အခုချိန်ထိ ကရင်ပြည်နယ်တခုတည်းမှာပဲ တွေ့နိုင်တဲ့ မျိုးစိတ်ဖြစ်လို့ မျိုးစိတ်နာမည်ကြည့်လိုက်တာနဲ့ ဒီမျိုးစိတ်က မြန်မာနိုင်ငံ ကရင်ပြည်နယ်ကလို့ သိရှိနိုင်စေဖို့ (Begonia Kayinnesis) လို့ ပေးထားတာ ဖြစ်ပါတယ်။
အပင်တွေကို ဖော်ပြနေစဥ်အတွင်းမှာ ဒီမျိုးစိတ်က ကရင်ပြည်နယ်မှာသာမက ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်တဲ့ နေရာ၊ ဒါမှမဟုတ် ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်းမှာလည်း ပေါက်ရောက်နိုင်တယ်လို့ ယူဆမိတဲ့အတွက် စာတမ်းပြင်ဆင်နေစဥ်အတွင်းမှာလည်း တခြားသုတေသီတွေကလည်း ဖော်ပြသွားမလားဆိုတဲ့စိတ် ဖြစ်ခဲ့ပါတယ်လို့ မမြဘုန်းမော်က ဆက်လက်ပြောပါတယ်။
အဲဒီအတွက်ကြောင့် တလအတွင်း အမြန်ဆုံး ပြီးအောင်ရေးသားခဲ့ကာ ဂျာနယ်ထဲမှာလည်း မြန်မြန်ဆန်ဆန် ထုတ်ဝေနိုင်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် ဂျာနယ်ထုတ်ဝေဖို့ အနည်းဆုံး ၃ လလောက် ကြာမြင့်ပါတယ်။
စာတမ်းရေးဖို့ ပြင်ဆင်ချိန်ကစပြီး အခုလက်ရှိ အွန်လိုင်းမှာ ထုတ်ဝေပြီးတဲ့အထိ လေးလနီးပါးကြာခဲ့ပြီး စာတမ်းကို ၁ လအတွင်း အပြီးရေးသားခဲ့ပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဒီစာတမ်းက မှန်ကန်ပြီး မျိုးစိတ်အသစ်ဖြစ်တာကို ပညာရှင်တွေက အဆင့်ဆင့် သုံးသပ်လက်ခံလိုက်ပါတယ်။ စာတမ်းထွက်ရှိခဲ့တာက အောက်တိုဘာလ ၅ ရက်နေ့ကဖြစ်ပြီး အွန်လိုင်းမှာ လူတိုင်း Free download လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
ကြွေပန်းမျိုးစိတ်အသစ် ဖော်ပြနိုင်တဲ့ နေရာမှာ citizen science ဆိုတဲ့ သိပ္ပံနည်းကျ သုတေသန လုပ်ဆောင်ချက်မှာ သာမန်ပြည်သူတွေ ပူးပေါင်းပါဝင်ခြင်းဆိုတဲ့ အရာက အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ သတင်းအချက်အလက် မလုံလောက်ခဲ့လို့ ဖော်ပြနိုင်ခြင်း မရှိခဲ့တဲ့ မျိုးစိတ်သစ်ဟာ အခု ၂၀၂၃ ခုနှစ်မှာ ဒေသခံပြည်သူတွေ အကူအညီတွေနဲ့ လိုအပ်တဲ့ ဓာတ်ပုံမှတ်တမ်း၊ အပင်နမူနာတွေ ရရှိခဲ့ပြီးတော့ မျိုးစိတ်သစ်အဖြစ် ဂုဏ်ယူစွာ ဖော်ပြနိုင်ခဲ့ပါတယ်။
ကြွေပန်းတွေဟာ လှပပြီး လူကြိုက်များတာကြောင့် ဈေးကွက်ထဲမှာလည်း ရောင်းဝယ်နေကြတာတွေ ရှိပါတယ်။ ဒါကြောင့် ထိန်းသိမ်းဖို့လိုတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဇီဝမျိုးကွဲမျိုးစုံ မှတ်တမ်းတင်ထားရှိမှုမှာ တခြားနိုင်ငံတွေနဲ့ယှဥ်ရင် အများကြီး နောက်ကျနေတဲ့ အနေထားမှာ ရှိပါတယ်။ ကွင်းဆင်းလေ့လာတဲ့အခါမှာလည်း ငွေကြေးလိုအပ်ချက်၊ ပစ္စည်းအထောက်အပံ့တွေ စတဲ့ လိုအပ်ချက်တွေ အများအပြား ရှိပါတယ်။
ပင်စည်ထိပ်ကနေ ပန်းခိုင်ထွက်တဲ့ ရှားပါးမျိုးစိတ် ၅ မျိုးမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ Begonia kayinensis M.B.Maw & Y.H.Tan
၂။ Begonia prolifera A.DC.
၃။ Begonia paleacea Kurz
၄။ Begonia lanxangenis Souvann & Aver.
၅။ Begonia oyuniae M.Taram & N.krishina တို့ ဖြစ်ကြပါတယ်။
ကြွေပန်းမျိုးစိတ်အကြောင်း နားမလည်တဲ့သူတချို့ဟာ သူတို့ဒေသ (ဥပမာ- ကချင်၊ မွန်၊ ရှမ်း) မှာ တွေ့တယ်၊ အများကြီးရှိတယ်လို့ ဆိုကြတာတွေက ကြွေပန်းမျိုးစိတ်ရဲ့ ဆင်တူယိုးမှားရှိတဲ့ သရုပ်ပုံတွေကြောင့်သာ ဖြစ်ပါတယ်လို့ စာရေးသူအနေနဲ့ မြင်မိပါတယ်။
ကရင်ကြွေပန်း ရှာဖွေတွေ့ရှိတဲ့ မှတ်တမ်းမှာ ကောင်းမွန်တဲ့ အကြံပြုချက်တွေ မှတ်ချက်တွေ ရရှိတဲ့အတွက်လည်း မှတ်တမ်းတင်သူအနေနဲ့ ဝမ်းသာမိတယ်လို့ ဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့ Facebook group ဖြစ်တဲ့ NSCI ကို join ပြီး မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ အပင်၊ အကောင်၊ အင်းဆက်တွေကို မှတ်တမ်းဓာတ်ပုံရိုက်ပြီး ပုံတင်ပေးခြင်းအားဖြင့် ကွင်းဆင်းလေ့လာခြင်းမှာ တစိတ်တပိုင်း ကူညီနိုင်မှာ ဖြစ်ပါတယ်။
အခုအချိန်မှာ အထောက်အပံ့တွေ မရရှိသေးဘဲ အများစုပေါင်းပြီး ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ရတာကြောင့် အခက်အခဲ ရှိခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတရပ်လုံးအနေနဲ့ ပူပေါင်းဆောင်ရွက်မှုတွေ ကူညီထောက်ပံ့မှုတွေကိုလည်း ကြိုဆိုနေပါတယ်။