နိုင်ဂျာနိုင်ငံမှာ အကျဉ်းချခံထားရတဲ့ ဖြုတ်ချခံသမ္မတ မိုဟာမဒ်ဘာဇိုမ်ရဲ့ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးပမ်းမှုက ပျက်ပြားသွားကြောင်း နိုင်ဂျာ စစ်အာဏာသိမ်းအဖွဲ့က အောက်တိုဘာ ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၂၆ ရက် နိုင်ဂျာစစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ သမ္မတ ဘာဇိုမ်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုထားပေမဲ့ ခုချိန်ထိ အကျဉ်းချခံထားရတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၉ ရက် မနက် ၃ နာရီဝန်းကျင်က သမ္မတ မိုဟာမဒ်ဘာဇိုမ်ဟာ သူ့မိသားစု၊ သူ့ဆီလာတွေ့တဲ့ ဧည့်သည် ၂ ဦး၊ လုံခြုံရေးအရာရှိ ၂ ဦးတို့နဲ့အတူ သူ့ကိုထိန်းသိမ်းထားတဲ့ နေရာကနေ လွတ်မြောက်အောင် ကြိုးပမ်းခဲ့တယ်လို့ ယာယီအုပ်ချုပ်ရေးအဖွဲ့ အာဏာပိုင်တွေက ပြောပါတယ်။
ဘာဇိုမ်နဲ့ သူ့မိသားစုတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထဲက ကြံရာပါတွေရဲ့ အကူအညီနဲ့ မြို့တော် နီယာမေရဲ့ ဆင်ခြေဖုံးကို ကားတစီးနဲ့ မောင်းနှင်သွားပြီး အဲဒီကနေ အိမ်နီးချင်း နိုင်ဂျီးရီးယားကို ရဟတ်ယာဉ်စီးသွားဖို့ စီစဉ်ထားတာဖြစ်ကြောင်း နိုင်ဂျာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အာမာဒို အဘ်ဒရာမိန်းက ပြောပါတယ်။ မအောင်မြင်တဲ့ ကြိုးပမ်းမှုဟာ စိတ်ကူးယဉ်အစီအစဉ်ပဲ ဖြစ်သွားပြီလို့ ဆိုပါတယ်။
ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုက နိုင်ငံကို မတည်မငြိမ် ဖြစ်စေမယ့် ဒီအစီအစဉ်ကို ပျက်ပြားစေခဲ့ပါတယ်လို့လည်း သူက ဆိုပါတယ်။
လက်ရှိမှာ အဓိကကျူးလွန်သူတွေနဲ့ ကြံရာပါတချို့ကို ဖမ်းဆီးထားကြောင်း သိရပါတယ်။
အစိုးရရှေ့နေက အမှုဖွင့် စုံစမ်းစစ်ဆေးနေပြီး အခြေအနေကို ထိန်းထားနိုင်ပါပြီလို့လည်း ဗိုလ်မှူးကြီး အာမာဒို အဘ်ဒရာမိန်းက ပြောပါတယ်။
ရိုက်တာသတင်းဌာနကတော့ ဘယ်နေရာမှာရှိနေမှန်း မသိရသေးတဲ့ ဘာဇိုမ်ကို ဆက်သွယ်နိုင်ခြင်း မရှိသေးပါဘူး။
Source/Photo-Reuters