စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း အောက်တိုဘာ ၁၉ ရက် မနက် ၁၀ နာရီက တောင်ဖြူရွာက ပျူ ၃ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား ၁ ဦး တို့တိုက်မိုင်းထိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တိုက်မိုင်းထိပြီး အခင်းဖြစ်ပွားရာနေရာကတော့ ဖက်ခက်ရွာနဲ့ တုံပါရွာကြားမှာ တိုက်မိုင်းမိကာ သေဆုံးခဲ့တာလို့လည်း သိရပါတယ်။
ကျေးရွာသားတဦးက “ပေါက်ကွဲတာတော့ မနက်ခင်း ၉ နာရီကျော် ၁၀ နာရီနီးပါးက ပေါက်ကွဲသံ ကြားရတယ်။ တချို့ရွာသားတွေကတော့ မိုင်းပေါက်ကွဲတဲ့နေရာကို သွားကြည့်ကြတော့ အလောင်း ၄ လောင်း သေနေတာ တွေ့ခဲ့ရတယ်လို့ ပြောတယ်ဗျ။ ခဏနေတော့ တောင်ဖြူရွာက ပျူတွေနဲ့ စစ်သားတွေ ရောက်လာပြီး အဲဒီအလောင်းတွေ တောင်ဖြူရွာကို ပြန်သယ်သွားကြတယ်။ အလောင်းလာသယ်ရင်း PDF တွေကို ဆဲဆိုသွားတဲ့အသံတွေလည်း ကြားလိုက်ရတယ်ဗျ။ ကျနော်တို့ ဒေသခံတွေကတော့ စစ်ဖြစ်မှာပဲ ကြောက်နေကြရတာ” လို့ ပြောပါတယ်။
မင်းကင်းမြို့နယ်အတွင်းက တောင်ဖြူရွာ၊ ပန်းဆက်ရွာအနီးက တုံရွာ၊ ကျောက်ခဲတက်ရွာ၊ နှင်းကြီးရွာ၊ ပင်တင်းရွာ၊ ဖက်ခက်ရွာက NLD ထောက်ခံတဲ့ ဒေသခံ ပြည်သူတွေကတော့ တောင်ဖြူပန်းဆက်ရွာက စစ်ကောင်စီနဲ့ ပျူတွေရဲ့ ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခံရတာတွေ ရှိနေပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစလို့ မိမိကျေးရွာတွေမှာ နေထိုင်ခြင်းမရှိဘဲ တခြား ကျောက်တွင်း၊ ရွှေမှော်တွေဆီကို မိသားစုလိုက် ပြောင်းရွှေ့နေထိုင်သူတွေလည်း ရှိနေကာ တချို့မိသားစုတွေကတော့ စစ်ကောင်စီနဲ့ ပျူစောထီးတွေနဲ့ ဝေးရာ တောတောင်တွေထဲ ပြောင်းရွှေ့နေထိုင်သူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မင်းကင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ဝင် အမျိုးသမီးတဦးက “ကျမတို့ မနေ့က အောက်တိုဘာ ၁၈ ရက်နေ့က တောင်ဖြုရွာအနီးက မြေတော၊ ဝက်သိုက်ေတာဘက်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းရေး သွားလုပ်ခဲ့တယ်။ အဲလိုသွားလုပ်ရာမှာ တောင်ဖြူရွာက ပျူမိန်းကလေး ၂ ယောက် မိလာတယ်။ အဲမိန်းကလေး ၂ ယောက်ကို ပျူ ၃ ဦးနဲ့ စစ်သား ၁ ဦးက ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့ကျတော့ ကယ်ဖို့ရာ လိုက်လာရင်း တိုက်မိုင်းမိပြီး သေဆုံးတယ်လို့ သတင်းအတိအကျ ရထားတယ်။ ကျမတို့ဘက်ကလည်း ပျူနဲ့ စစ်သားတွေ လိုက်လာမယ်ဆိုတာသိလို့ တိုက်မိုင်းတွေ ထောင်ထားခဲ့တာကို ပျူနဲ့ စစ်သားတွေက တိုက်ပြီး အခုလို သေတာရှင့်။ သေဆုံးသူတွေက ကျော်မိုး၊ အောင်ပိုင်၊ ဇွဲမောင် စတဲ့ တောင်ဖြူဒေသခံ ပျူ ၃ ဦး သေတယ်လို့ သိထားရတယ်။ စစ်သားတဦး အမည်ကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးဘက်က ဖမ်းမိထားတဲ့ အမျိုးသမီး ၃ ဦးကိုတော့ စစ်ဆေးမေးနေဆဲဖြစ်ပြီး NUG အစိုးရရဲ့ ချမှတ်ထားတဲ့ စည်းကမ်းအတိုင်းနဲ့ နိုင်ငံတကာ သုံ့ပန်းဥပဒေအတိုင်း မြို့နယ်တာဝန်ရှိသူထံ လွှဲပြောင်းသွားမယ်လို့လည်း ဒေသခံ တော်လှန်ရေးအင်အားစု ခေါင်းဆောင်တွေက ပြောပါတယ်။
အခု တိုက်မိုင်းထောင်တာကို မင်းကင်းမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုအဖွဲ့စုံ ပူးပေါင်းလုပ်ဆောင်တာလို့လည်း သိရပါတယ်။