ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ လာမယ့် အောက်တိုဘာ ၂၃ ရက်မှာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာ ၂၃ မှာ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းမှာ မုန်တိုင်းငယ်(Depression) အဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် တုံကင်ပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း “စန်ဘ” (Sanba) ဟာ တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေသို့ ရောက်ရှိခဲ့ပြီး အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
တနင်္သာရီတိုင်းမှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ မကွေး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်၊ ရွာရန်ရာနှုန်း ၈၀လို့ မိုးဇလက ခန့်မှန်းပါတယ်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၇ ပေ ရှိနိုင်တယ်လို့လည်း မိုးဇလ ထုတ်ပြန်ချက်အရ သိရပါတယ်။
Source/photo - မိုးဇလ